သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထပ်တိုးလာမယ့် နိုင်ငံရေးအကျဉ်းသား တချို့ ​​​​​​​


အင်းစိန်အကျဉ်းထောင်ရှေ့ (သြဂုတ်လ ၁၊ ၂၀၂၃)
အင်းစိန်အကျဉ်းထောင်ရှေ့ (သြဂုတ်လ ၁၊ ၂၀၂၃)

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြက်ဆန္ဒပြသူလေးဦးကို တပ်မတော်ကို အကြည်ညို ပျက်အောင် မမှန်သတင်းဖြန့်လှုံ့ဆော်မှု စွပ်စွဲချက် ၅၀၅ - က နဲ့စစ်ကောင်စီက အမှုစွဲဆိုပြီး အင်းစိန် ထောင်မှာ ထိန်းသိမ်းထားပါတယ်။ မကြာသေးခင်က ဧည့်စာရင်းအကြောင်းပြ အဖမ်းခံထား ရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ နှစ်ဦးကိုတော့ စစ်ကြောရေးမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့ကလူစည်ကားတဲ့နေရာမှာ "ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ”ဆိုတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ဦးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဇော်လင်းထွဋ် (ခေါ် ) ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က အဲဒီဆန္ဒပြပွဲအပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူတို့ (၄) ယောက်ကို တပ်မတော်ကို အကြည်ညိုပျက် အောင် မမှန်သတင်းဖြန့် လှုံ့ဆော်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ အမှုစွဲပြီး လာမယ့်သီတင်းပတ်ထဲ အင်းစိန်ထောင် အထူးတရားရုံးမှာ ရုံးတင်စစ်ဆေးသွားမှာ ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်တဲ့ ရန်ကုန် အင်အားစု (Anti-Junta Alliance Yangon – AJAY) ဦးဆောင်သူ နန်းလင်းကဗွီအိုအေကိုခုလိုပြောပြပါတယ်။

“အင်းစိန်ထောင်ကိုပို့လိုက်ပြီးတော့ အဲမှာဆက်ပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်။ လာမယ့်ရုံးချိန်းတွေ ကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးတွေမှာပဲ ဆက် စစ်ဆေးမယ်ဆိုတဲ့သတင်းတွေတော့ ရပါတယ်ခင်ဗျ။ ကိုဖိုးသားနဲ့ ကိုမဲကြီးကိုတော့ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေး ခံရတယ်၊ လက်ပြန် ကြိုးတုပ်ပြီးတော့မှ မျက်လုံးစည်းပြီးတော့ တကယ့်ကို လူမဆန်တဲ့ ရိုက်နှက်မှုတွေနဲ့ ကြုံတွေ့ရတယ်ဆိုတဲ့ သတင်းအချက်အလက်တော့ရတယ်ဗျ။ ရှေ့ဆက်ပြီး တော့လည်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ သပိတ်ရဲဘော်တွေ၊ တော်လှန်ရေးရဲဘော်တွေကိုတော့ သူတို့ဖမ်းဆီးနိုင်မှာပေါ့။ လူထုသပိတ်ပုံစံက လျော့သွားစရာ တန့်သွားစရာမရှိဘူး။ ဒါတွေလုပ်ရင် ဒီလိုဖြစ်မယ်သိပြီးသား။ ရှေ့ဆက်ပြီး ဘယ်လိုအခက်အခဲကြုံကြုံ စစ်အာဏာရှင် အလုံးစုံ ပျက်သုဥ်းရေးနဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ ပြည့်ပြည့်ဝဝရှိတဲ့ ဖက်ဒရယ်တိုင်းပြည်တခု တည်နိုင်ဖို့ဆက်ပြီးတော့မှ လုပ်သွားမှာပဲဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာလည်း ရန်ကုန်မြို့တွင်း ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးခံခဲ့ရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်တို့ နှစ်ယောက်လည်း စစ်ကောင်စီ စစ်ကြောရေးမှာ စစ်ဆေးခံနေရဆဲဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုရှိန်းဝေအောင်ကိုဖမ်းတုန်းက သူ့မိသားစုပါ ဖမ်းဆီးခံခဲ့ရတာပါ။ လတ်တလောမှာ မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုရှိန်းဝေအောင်ကိုတော့ ဆက်ပြီး ထိန်းသိမ်းထားပါတယ်။ အခုလို ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်တာတွေကြောင့် ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်တို့ရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ သပိတ်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

“လက်ရှိကိုရှိန်းဝေအောင် မိသားစု အမေရယ်၊ အဖေရယ်၊ အမရယ်ကတော့ ပြန်လွတ်လာပြီ။ ကိုရှိန်းဝေအောင်အခြေအနေကတော့သူတို့ဖမ်းဆီးခံထားရတာ ၄-၅ ရက်ရှိပြီပေါ့လေ။ အခုအချိန်ထိ ဘာသတင်းမှမကြားရသေးဘဲ စစ်ကြောရေးမှာစစ်မေးနေတုန်းလို့ကြားရတယ်။ အချိန်က ၄-၅ ရက် ကြာပြီမို့ သူ့ကျန်းမာရေးကိစ္စနဲ့ တခြားသောကိစ္စနဲ့ ပတ်သတ်လို့ စိတ်ပူနေရတုန်းပဲ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူ နှစ်သောင်းတထောင်ကျော် (၂၁,၀၄၄ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက တော့ ဒါဟာ ချဲ့ကားထားတဲ့သတင်းတွေဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ အခုလို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ လူငယ်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG