သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်းတူညီမျှရေး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ တောင်းဆို


နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲ ဆင်နွှဲနေသည့် ပါကစ္စတန် အမျိုးသမီးများ။ (မတ်လ ၇၊ ၂၀၂၀)
နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲ ဆင်နွှဲနေသည့် ပါကစ္စတန် အမျိုးသမီးများ။ (မတ်လ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝှမ်းက အမျိုးသမီးတွေအားလုံး တန်းတူညီမျှမှုရှိရေး အားလုံး ဝိုင်းဝန်းပါဝင် လှုပ်ရှားကြဖို့ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ အမျိုးသမီးတွေအတွက် တန်းတူညီမျှ အခွင့်အရေး ရရှိရေး ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံနေရပါသလဲ၊ အမျိုးသမီးအခွင့်အရေး တန်းတူရဖို့ ဘယ်လိုကြိုးစားနေကြပါသလဲ၊ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က ဘယ်လိုဆောင်ရွက်ပေးသင့်ပါသလဲ ဆိုတာကို ကဏ္ဍအသီးသီးကနေ မြန်မာ့အမျိုးသမီးတန်းတူရေး လှုပ်ရှားနေသူ အမျိုးသမီးတွေရဲ့ အမြင်ကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ International Women’s Day နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကမ္ဘာတဝှမ်းက အမျိုးသမီး တဦးချင်းစီတိုင်းမှာ ညီမျှတဲ့ တန်းတူအခွင့်အရေးရဖို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုကြပါတယ်။ ကျား-မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကုလသမဂ္ဂက ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကုလသမဂ္ဂလက်အောက်ခံ UN WOMEN ရဲ့ ဒီနှစ် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ အဓိကဆောင်ပုဒ်ကလည်း “I am Generation Equality: Realizing Women’s Rights” ဖြစ်ပါတယ်။

International Women Day (Photo- UNWomen)
International Women Day (Photo- UNWomen)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို သူတို့ရဲ့ ရဲရင့်မှု၊ ခေါင်းဆောင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအတွက် အလေးထား ဂုဏ်ပြုပေးအပ်တဲ့ အမျိုးသမီးသတ္တိရှင် ဆုရှင်၊ ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူညီမျှရေး မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကချင်အမျိုးသမီး မမေစပယ်ဖြူက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိဖို့ လူ့ဘောင်အဖွဲ့အစည်းက ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်။

“ဒီနှစ်အတွက် မက်ဆေ့ချ်ကတော့ #EachforEqual ပေါ့နော်။ တဦးချင်းဆောင်ရွက်၊ ညီမျှမှုအတွက် ဆိုတဲ့အတိုင်းပဲ၊ တန်းတူညီမျှမှုရှိတဲ့ လူ့ဘောင် လူ့အဖွဲ့အစည်း ဖြစ်လာဖို့အတွက် အမျိုးသမီးတွေရော အမျိုးသားတွေရော ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ရှိကြတဲ့ တဦးချင်း တဦးချင်းက အတူတကွ လက်တွဲဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ Gender Equality ဆိုတာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ Gender Equal ဖြစ်တဲ့ Society ပေါ့၊ တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းကသာ ဖွံ့ဖြိုးတိုးတက်မှာ ရေရှည်ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။

“ဒါကြောင့် တာဝန်ရှိတဲ့သူတွေ၊ မူဝါဒတွေ ဥပဒေတွေကို ရေးဆွဲနိုင်တဲ့သူတွေ အနေနဲ့လည်း တန်းတူညီမျှမှုရှိတဲ့ လူ့ဘောင် လူ့အဖွဲ့အစည်းတခု ဖြစ်လာဖို့အတွက် ဥပဒေတွေ မူဝါဒတွေကို ပြင်ဆင် သတ်မှတ် ချမှတ်ပေးဖို့ လိုပါတယ်။ Gender Equal ဖြစ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်မှပဲ ကျမတို့ရဲ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်၊ ရေရှည် ငြိမ်းချမ်းသာယာမှာ ဖြစ်ပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများနေ့ #EachforEqual တန်းတူအခွင့်အရေး ဦးစားပေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားသူ ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် မထုမေကလည်း ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒဏ်အတွက် အသက်ပေး ခံစားနေကြရတဲ့ အမျိုးသမီးတွေ လုံခြုံမှုရှိအောင် အပြည့်အဝ ကာကွယ်ပေးပါလို့ တောင်းဆိုပါတယ်။

“ကမ္ဘာ့အမျိုးသမီးများနေ့ တန်းတူညီမျှမှု ကြိုးပမ်းနေကြသလိုပဲ ရခိုင်ပြည်နယ်က သို့မဟုတ် မြန်မာနိုင်ငံ တဝန်းလုံးမှာ ရှိကြတဲ့ ပြည်တွင်းစစ်ဖြစ်တဲ့ နေရာက အမျိုးသမီးများကို ကာကွယ်ပေးဖို့နဲ့ ဒီအမျိုးသမီးတွေရဲ့ နောင်ရေး၊ ဒီအမျိုးသမီးတွေ စီမံရတဲ့ မိသားစုများရဲ့ နောင်ရေးကို အလေးထားပြီးတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်စေချင်တယ်။ နောက်တခုက အင်တာနက် ဖြတ်တောက်ထားတာကိုလည်း အမျိုးသမီးအခွင့်အရေးတရပ် အနေနဲ့၊ တခြားသော လုံခြုံရေးရှုထောင့်က ကြည့်တာလည်းကြည့်၊ ဒါပေမယ့် အမျိုးသမီး အခွင့်အရေးတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကျမ သုံးသပ်ပါတယ်။”

နိုင်ငံရေးလောက ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေနဲ့ လုပ်ငန်းခွင်တွေမှာ ကျားမ အရည်အချင်းခြင်းတူရင် အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးပါလို့ မွန်ပြည်နယ်လွှတ်တော်က အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကလည်း နိုင်ငံတကာ အမျိုးသမီးများနေ့မှာ တောင်းဆိုပါတယ်။

“ဒီနေ့ကတော့ သူတို့ဆောင်ပုဒ်က #EachforEqual တန်းတူညီမျှခြင်းပေါ့။ တန်းတူညီမျှခြင်း ဆိုတာက အလုပ်လုပ်ကိုင်တဲ့ အခွင့်အလမ်း၊ လုပ်ခလစာ၊ သားသမီးအုပ်ထိန်းခွင့် အများကြီးပေါ့၊ တန်းတူညီမျှခြင်း ဆိုတာကို လူသားတွေ Human Being ပေါ့၊ Gender ပေါ်မှာ အခြေမခံဘဲ ယောက်ျား မိန်းမ တန်းတူအခွင့်အရေး ရဖို့။ ဥပမာ ပညာအရည်အချင်း တူမယ်၊ လုပ်ကိုင်နိုင်တဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေ တူမယ်၊ ဦးဆောင်နိုင်မှု အရည်အသွေးတွေ တူမယ်ဆိုရင်တော့ အမျိုးသမီးတွေကို နေရာပေးသင့်တယ်လို့တော့ မြင်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမျိုးသမီးဖြစ်ခွင့်ရတာ ဘာကြောင့်ဂုဏ်ယူပါသလဲဆိုတဲ့ အမျိုးသမီးတွေရဲ့ အသံအဖြစ်နဲ့ မမေယမုံမြင့်နဲ့ မဇင်မာချိုတို့ရဲ့ ရင်ဖွင့်သံကို အခုလိုထုတ်လွှင့်ပါတယ်။

“အမျိုးသမီးက အမျိုးသားတွေနဲ့ မတူဘူး။ အမျိုးသမီးက အိမ်မှုကိစ္စတွေကိုလည်း စီမံခန့်ခွဲလို့ နိုင်တယ်။ ငွေကြေးကိစ္စတွေကိုလည်း စီမံခန့်ခွဲလို့ နိုင်တယ်။ အမျိုးသားတွေ မလုပ်နိုင်တဲ့ တချို့အရာတွေကိုလည်း လုပ်လို့နိုင်တယ်။ အဲဒါကြောင့် အမျိုးသမီးဖြစ်ရတာ ဂုဏ်ယူတယ်။”

“အခုခေတ်မှာ အမျိုးသမီးတွေက နိုင်ငံ့ခေါင်းဆောင် အများကြီးရှိတယ်။ ယောက်ျားလေးတွေနဲ့ နေ့စဉ်ဘဝ တန်းတူလုပ်နိုင်တယ်။ ဒါကြောင့်မို့ အမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူတယ်။”

“သမီးတို့ ပတ်ဝန်းကျင်မှာရော တခြားပတ်ဝန်းကျင်မှာရော အမျိုးသမီး အများစုက အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရတယ်။ အဲဒီ အိမ်တွင်းအကြမ်းဖက်မှု ပပျောက်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့က အရေးကြီးတယ်။”

၂၀၂၀ ပြည့်နှစ် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ အမျိုးသမီး တန်းတူညီမျှ အခွင့်အရေး ရရှိရေး လူမျိုးဘာသာမရွေး ကျားမ လိင်တူချစ်သူ အသက်အရွယ်မရွေး လူ့ဘောင်အဖွဲ့အစည်း ပေါင်းစုံကနေ အားလုံးပါဝင်တောင်းဆို လှုပ်ရှားကြဖို့ ကမ္ဘာတဝှမ်းက အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

#voawomen

-------------------------------

(Unicode)
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG