သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် ABSDF ဥက္ကဋ္ဌရဲ့ သုံးသပ်ချက်


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်း တက်ကြွလှုပ်ရှားသူတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်း တက်ကြွလှုပ်ရှားသူတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

(Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လှုပ်ရှားမူတွေ၊ အင်တာနက် အဖြတ်ခံလိုက်ရပြီးတဲ့နောက်ပိုင်း ပြည်သူတွေ လမ်းမပေါ်ထွက် ဆန္ဒပြလာတဲ့အထိ တဖြည်းဖြည်း အရှိန်မြင့် ဖြစ်ပေါ်လာနေတာက အရင်နဲ့မတူ ပြည်သူတွေရဲ့အသဲကြားက မဲတပြားကို ချက်ချင်းလုယူသွားတဲ့လုပ်ရပ်ကို မခံနိုင်တော့တဲ့အတွက် ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ တွဲလုပ်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဥက္ကဌ ရဲဘော်သံခဲကပြောပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

ရဲဘော်သံခဲ။ ။ “ကျွန်တော်တို့ မြန်မာ ပြည်သူ လူထု တရပ်လုံးဟာ စစ်အာဏာရှင် စနစ်အောက်မှာ ဒါဟာ တတိယ မျိုးဆက် အထိကို ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရတဲ့ တိုက်ပွဲ တခု ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဘယ်သူမှ ဗမာပြည်မှာ အတိတ်ကကော၊ ပစ္စုပ္ပန်ကော၊ အနာဂတ်ကောမှာ စစ်အာဏာရှင် စနစ်သည် တိုင်းပြည်အတွက် ဘယ်ဘက်ကမှ ကြည့်ကြည့် အကျိုးမရှိဘူးဆိုတာ ဘဝနဲ့သိတဲ့ အသိရဲ့ လူထုရဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ မည်သူ တစ်ဦးတယောက်ရဲ့ တိုက်တွန်းချက်မှ မပါပါဘူး”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ရဲဘော် သံခဲ အနေနဲ့က အရင် ဆန္ဒပြပွဲတွေ အထူးသဖြင့် ၁၉၈၈ ကိုလည်း ကြုံခဲ့ဖူးတဲ့ အခါကျတော့ ဒီတခေါက် ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေဟာ ဘယ်လို ကွာသွားလဲ။

ရဲဘော်သံခဲ။ ။ “၁၉၈၈ မှာ ကျွန်တော်တို့က တပါတီ အာဏာရှင်စနစ်ကို တိုက်ပွဲ ဝင်ရင်းနဲ့ တပ်မတော်က တပါတီ စနစ် အာဏာရှင် စနစ် နောက်ကျောကနေ လက်လွှဲယူတာ ဖြစ်ပါတယ်။ အခုဟာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ (ဥပဒေ) အောက်က ဖြစ်ပေါ်လာတဲ့ အစိုးရ လောလောဆယ် ရွေးကောက်ပွဲတွေမှာလည်း ပြည်သူလူထု တရပ်လုံးက မဲပေးလိုက်ကြတဲ့ လတ်တလော အနိုင်ရ ပါတီတွေကလည်း ရှိကြတယ်။ လွှတ်တော် အသစ်တွေကို ဖွဲ့ဖို့လည်း ရှိနေတဲ့ အခြေခံ အောက်မှာ ငါမနိုင်ရင် ငါလုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ကိုယ့် ဥပဒေကို ကိုယ် ချိုးဖောက်ပြီးတော့မှ သွားတဲ့ အာဏာသိမ်းမှုမျိုး ဖြစ်ပါတယ်။

အဲဒီ အတွက်လည်း လူထု တရပ်လုံးက လောလော လတ်လတ် မျှော်လင့်ချက်တွေက တခါတည်း ရိုက်ချိုးခံလိုက်ရတဲ့ဟာ ဖြစ်လေတော့ ဒီ အပေါ်မှာ ဂုဏ် သိက္ခာ အရ တိုင်းပြည်နဲ့ ရှေ့ အနာဂတ်အတွက် ကျွန်တော်တို့ အားလုံးအတွက် မလွဲမသွေ ပါဝင် လာကြရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ဒီ လက်မခံဘူးဆိုတဲ့ ဖော်ပြချက်တွေက တနိုင်ငံလုံးမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ ရဲဘော် သံခဲတို့ ပါဝင်ခဲ့တဲ့ ၁၉၈၈ မှာတုန်းကတော့ ဒီမိုကရေစီ အခွင့်အရေးကို မရသေးဘဲနဲ့ ပါတီစုံနဲ့ မဲပေးတဲ့စနစ်ကို တောင်းဆိုခဲ့တာပေါ့နော်။ အခုကကျတော့ ဘယ်လို အပြောင်းအလဲ ဖြစ်သွားမယ်လို့ သုံးသပ်မိပါသလဲ။

ရဲဘော်သံခဲ။ ။ “ဒီ အခြေခံ ဥပဒေ ပုဒ်မတွေ တပ်ပြီးတော့မှ အာဏာလည်း သိမ်းပြန်တယ်။ နောက်တခုကတော့ အခြေခံ ဥပဒေဆိုတာ ငါတို့ တပ်မတော်က လိုချင်တာလုပ်မယ်ဆိုတဲ့ ယူဆချက်တွေက လူထုကို စိန်ခေါ်သလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ရလဒ်ဆိုတာကလည်း လူထုက လတ်တလော ပေးလိုက်တဲ့ သိသာ ထင်သာတဲ့ ရွေးကောက်ပွဲ ရလဒ် တခု ဖြစ်တယ်။ ဒါကို စော်ကားခံရတယ်လို့ ယူဆခံရနေသမျှ ကာလတခုလုံးမှာ ဒီ စစ်အာဏာသိမ်းမှုကို ဒါ ဆန့်ကျင်မှုတွေနဲ့ ဖိအားပေးမှုတွေဟာ ဆက်တိုက် မြင့်လာနိုင်ပါတယ်”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ နောက်ထပ်ရော ဒီ တစ်ခေါက်မှာ ကိုဗစ်ကာလ ထူးခြားမှုကလေးတွေ တွေ့သလား။ ပြည်သူတွေရဲ့ ခံစားချက်နဲ့ ပတ်သက်လို့ပေါ့နော်။

ရဲဘော်သံခဲ။ ။ “ဒီ အကြပ်အတည်းကြားထဲကမှ တဆင့် အခု ပြောသလို တကမ္ဘာလုံး ရင်ဆိုင်နေကြတဲ့ ကိုဗစ် အကြပ်အတည်း ကာလမှာ စစ်အာဏာ သိမ်းမှုဆိုတဲ့ အကြပ်အတည်းက ထပ်ဆင့်ပြီးတော့မှ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ဒီတော့ လူထုရဲ့ အခြေအနေဟာ အင်မတန်မှကို ထိလွယ်ရှလွယ်ဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အဲဒီ အတွက်လည်း လူထုက အပြောင်းအလဲ တခုကို လိုချင်တယ်။ ထပ်မံ စော်ကား ခံရတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီ အခြေအနေမှာ ဒီ လူထု ဆန္ဒပြပွဲတွေဟာ ကျွန်တော်တို့ တားလို့ မရပါဘူး။ ဒီဟာတွေကို ငြိမ်သက်ဖို့ အရေးအကြီးဆုံးက လူထု ဆန္ဒဖြစ်တဲ့ ဒီရွေးချယ်ထားတဲ့ အစိုးရတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နောက်တခုကတော့ နိုင်ငံရေး အင်အားစုတွေနဲ့ ဆွေးနွေး အဖြေရှာခြင်းသာ လျှင် အကောင်းဆုံးလို့ ကျွန်တော် ယူဆပါတယ်”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ တပ်မတော် ခေါင်းဆောင်ပိုင်းတွေက ကိုရော ဘာမှာချင်သေးသလဲ။

ရဲဘော်သံခဲ။ ။ “အဓိကကတော့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီကနေ့ အဆုံးအဖြတ်က တပ်မတော် ခေါင်းဆောင်ပိုင်းတွေရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ နောက်ထပ် သွေးထွက်သံယို မဖြစ်ဖို့အတွက် တပ်မတော်မှာ အများကြီး တာဝန်ရှိတယ်။ ဒီအပြောင်းအလဲဟာ တိုင်းပြည် အတွက် အပြောင်းအလဲ ဖြစ်ပါတယ်။ တပ်မတော် အတွက်လည်း ပါပါတယ်။

အနာဂတ် ကျွန်တော်တို့ တိုင်းပြည် မျိုးဆက်သစ်တွေ အတွက် အပြောင်းအလဲ ဖြစ်ဖို့ အရေးကြီးပါတယ်။ အုပ်စုတစု၊ အင်အားစု တစု အတွက် မဟုတ်ပါဘူး။ ဒီတော့ သမိုင်းမှာ တကယ်ကို တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အတွက် လုပ်တဲ့ တပ်မတော် ခေါင်းဆောင်တွေ အဖြစ် မှတ်တမ်း တင်မလား ဒါမှမဟုတ် သမိုင်းမှာ တကယ်ကို ပြည်သူလူထုက အမုန်းတရားတွေနဲ့ မှတ်ကျောက်တင်မယ့် ခေါင်းဆောင်တွေ ဖြစ်မလား ဆိုတာ ဒီနေ့ ပြုမူချက်တွေပေါ်မှာ မူတည်သွားလိမ့်မယ်”

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကိုရော ဘာမှာချင်သေးလဲ။

ရဲဘော်သံခဲ။ ။ “ကျွန်တော်တို့ အားလုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ နိုင်ငံရေး သန္ဓေ၊ နိုင်ငံရေး သဘာဝတွေအရ စစ်အာဏာရှင် စနစ်ဆိုးရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ဆန့်ကျင် တော်လှန်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ စစ်တပ် အာဏာသိမ်းမှုမျိုးကို မူအားဖြင့် ကျွန်တော်တို့ အားလုံးဟာ လက်မခံဘူး။ တစ်ပြိုင်နက်တည်းမှာပဲ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခြေအနေရဲ့ နောက်မှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အညီ ပြည်သူ လူထု အတွက် အလုပ်လုပ်ပေးဖို့အတွက် အားလုံး ခုနက ပြောသလို ဝိုင်းဝန်း ကြိုးပမ်းပေးပါလို့ပဲ ကျွန်တော် မေတ္တာ ရပ်ခံချင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ကျေးဇူး အများကြီး တင်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

















XS
SM
MD
LG