သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ကုလ န ျူသဘောတူညီချက်ကို အီရန်လိုက်နာဟု ကန်အတည်ပြု


အီရန်နိုင်ငံဟာ သူ့ရဲ့နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူချက်ကို လိုက်နာမှုရှိကြောင်း အမေရိကန် အစိုးရက မနေ့တုန်းက ထပ်မံအတည်ပြု လိုက်ပါတယ်။

သမ္မတ Donald Trump ကတော့ အဆိုးရွားဆုံး သဘောတူညီချက်တရပ် အဖြစ်နဲ့ အရင်က ဝေဖန်ထားဖူးပါတယ်။ အမေရိကန်ရဲ့ ဥပဒေပြဌာန်းချက်အရ၊ အီရန်နိုင်ငံ အနေနဲ့ သဘောတူညီချက်ကို လိုက်နာမှု ရှိမရှိ ရက်ပေါင်း ၉၀ မှာ တကြိမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကွန်ဂရက်လွှတ်တော်ကို အသိပေး အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရ အကြီးတန်း အရာရှိ တဦးကတော့ သဘောတူညီချက်ပါ အချက်တွေကို အီရန်နိုင်ငံက လိုက်နာတယ်ဆိုပေမဲ့၊ သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတာကြောင့်၊ ပိုမိုဖိအားပေးနိုင်အောင် သမ္မတ Trump အစိုးရက မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံဟာ အကြမ်းဖက်ဝါဒီတွေကို အားပေးနေပြီး၊ အစ္စရေးလ်နိုင်ငံအပေါ် ရန်လိုတဲ့သဘောထား ရှိနေဆဲ ဖြစ်သလို၊ အမေရိကန်ကို ဆိုက်ဘာအင်တာနက်ကတဆင့် တိုက်ခိုက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်တာလို လုပ်ရပ်မျိုးတွေ ရှိနေတဲ့ အန္တရာယ်အရှိဆုံး တိုင်းပြည်တခုအဖြစ် အမေရိကန် အစိုးရက ယုံကြည်ထားကြောင်းလည်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒီလိုလုပ်ရပ်တွေဟာ သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်တွေကို အလေးမထားရာ ရောက်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သဘောတူညီချက်ထဲမှာ အားနည်းချက်တွေ အများအပြား ရှိနေပြီး၊ ဒါတွေကိုလည်း သမ္မတ Trump အစိုးရက ပြင်ဆင်ဖို့ ကြိုးစားနေကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိ နောက်တဦးက ပြောဆိုခဲ့သလို၊ သမ္မတဟောင်း Barack Obama လက်ထက်မှာ သဘောတူညီချက်ကို အကောင်အထည်ဖော် ကျင့်သုံးခဲ့တာကိုလည်း ဝေဖန်ခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယား သဘောတူညီချက်အပေါ် အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။ အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန် အနေနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပေးရေး အီရန်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ဂျာမနီတို့ကြား ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG