ပြင်းထန်လှတဲ့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လူပေါင်းများစွာသေဆုံးခဲ့ပြီး အပျက်အစီးဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက ပြည်သူတွေနဲ့ အစိုးရတွေအတွက် အလွန်ပဲ ၀မ်းနည်းကြေကွဲရပါကြောင်း အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။
မြန်မာ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ကြီးမားလှတဲ့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကြီးမားလှတာကြောင့် သက်ဆိုင်တဲ့ အစိုးရတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် အီရန်အစိုးရအနေနဲ့ အလွန်ပဲ စိတ်ထိခိုက်ရကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ အီရန်နိုင်ငံခြားရေ၀န်ကြီးဌာန ပြောခွင့်ရ Abbas Maharashtra ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အလားတူ ကုလသမဂ္ဂအထွေထွေညီလာခံကြီးကလည်း အိန္ဒိယမှာ မြစ်ရေကြီးမှုနဲ့ တရုတ်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်းဒဏ်ခံရတဲ့အတွက် ၀မ်းနည်းကြေကွဲမိကြောင်း အင်္ဂါနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မုတ်သုံမိုးပြင်းထန်မှုကြောင့် ရေလွှမ်းမိုးမှု ဆိုးရွားခဲ့ပြီး လူပေါင်း ထောင်နဲ့ချီ ရေဘေးသင့်ခဲ့ရပါတယ်။ မြေပြိုကျမှုကြောင့်လည်း လူပေါင်း ၅၁ ထိ သေဆုံးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Karnataka ၊ Kerala နဲ့ Maharashtra ပြည်နယ်တွေမှာ ရေကြီးမှုကြောင့် လူပေါင်း အနည်းဆုံး ၁၄၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ လူပေါင်း သိန်းနဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းပြီး အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံမှာ ဒီသီတင်းပတ်အကုန်မှာ Lekima လို့အမည်ပေးထားတဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် Zhejiang ဂျီကျန်း ပြည်နယ်မှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး လူပေါင်း သန်းနဲ့ချီ ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။