သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်တလွှား အစိုးရထောက်ခံကြောင်း တန်ပြန်ဆန္ဒပြ


 အီရန်အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြမှုများ
အီရန်အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြမှုများ

အီရန်နိုင်ငံမှာ စီးပွားရေးပြဿနာတွေနဲ့ အစိုးရအပေါ် မကျေနပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာ ရက်အတန်ကြာ ရှိလာချိန်မှာပဲ အစိုးရကို ထောက်ခံပွဲတွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဒီကနေ့ပဲ ပြသခဲ့ပါတယ်။ အီရန်နိုင်ငံ အလံတွေကို ဝှေ့ယမ်းပြီး နိုင်ငံဥသျှောင် Ayatollah Ali Khamenei ကို ထောက်ခံကြောင်း ကြွေးကြော်နေကြတဲ့ လူအုပ်တွေကို ပြသခဲ့တာပါ။

ဘာသာရေး ခေါင်းဆောင် Khamenei ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က စတင်ခဲ့ပြီး၊ လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ပြည်ပအစိုးရတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရတာလို့ အပြစ်ဖို့ထားပါတယ်။

အီရန်နိုင်ငံမှာ ပြဿနာတွေ ပေါ်ပေါက်အောင် မကြာသေးခင် ရက်တွေကစလို့ ငွေကြေး၊ လက်နက်၊ နိုင်ငံရေးနဲ့ ထောက်လှမ်းရေး အပါအဝင် နည်းလမ်းပေါင်းစုံသုံးပြီး တိုင်းပြည်ရဲ့ ရန်သူတွေက ကြိုးပမ်းခဲ့ကြကြောင်း မနေ့တုန်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ အချိန်တန်တဲ့အခါ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တိုင်းပြည်ကို အသိပေးပြောကြားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Shamkhani ကတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို အပြစ်တင်ခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump ကတော့ အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို အားပေးကြောင်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး၊ ဖောက်ပြန်တဲ့ အီရန်အစိုးရကို နောက်ဆုံးမှာ အီရန်လူထုက ဆန့်ကျင်ခဲ့ကြကြောင်း မနေ့တုန်းက ဆက်တိုက် ဆိုသလို ရေးသားခဲ့ဲတဲ့ လူမှုကွန်ယက်မှတ်ချက်တွေမှာ ပြောဆိုခဲ့တာပါ။

သမ္မတဟောင်း ဘရက်ခ် အိုဘားမား လက်ထက်မှာ မိုက်မိုက်မဲမဲ ထောက်ပံ့ပေးအပ်ခဲ့တဲ့ အကူအညီတွေဟာ အကြမ်းဖက်ဝါဒီတွေနဲ့ အာဏာပိုင်တွေ အိတ်ကပ်ထဲသာ ရောက်ကုန်ကြပြီး၊ အီရန်လူထုကတော့ အစားအစာ မလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ လူ့အခွင့်အရေး ကင်းမဲ့မှုတွေနဲ့ ကြုံခဲ့ရကြောင်းနဲ့ အခြေအနေကို အမေရိကန်က စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သမ္မတ Trump အနေနဲ့ တခြားနိုင်ငံတွေကို ထိခိုက်စော်ကားတဲ့ အသုံးမကျတဲ့ မှတ်ချက်တွေကို Twitter မှာရေးပြီး၊ အချိန်ဖြုန်းနေမဲ့အစား အမေရိကန်မှာ တနေ့တနေ့ လူတွေသေနေတာတွေ၊ သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေ၊ ငတ်မွတ်နေသူတွေလို ပြည်တွင်းရေးကို အာရုံစိုက်သင့်ကြောင်း တုန့်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG