သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း " Irma " ကြောင့် ဖလော်ရီဒါလူထု ဘေးကင်းရာရွှေ့


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ဦးတည်လာနေတဲ့ ပြင်းအား အဆင့် ၅ သတ်မှတ်ထားတဲ့ ဟာရီကိန်း Irma မုန်တိုင်းဟာ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာမှာ အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်လာဖို့ သတ်မှတ်ခံထားရပါတယ်။

တနာရီကို လေတိုက်နှုန်း ၁၈၅ မိုင်ရှိတဲ့ အာမာ မုန်တိုင်းဟာ စနေနေ့နှောင်းပိုင်းမှာ ဖလော်ရီဒါ ကုန်တွင်းကို အင်အားပြင်းပြင်းနဲ့ ဝင်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေး ဒေသခံတွေ ဘယ်လိုပြင်ဆင်နေကြလဲ ဆိုတာကို ဖလော်ရီဒါရောက် မြန်မာပြည်ဖွားတချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဟာရီကိန်း အာမာမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့ကို ဦးတည်နေပြီး စနေနေ့ည လောက်မှာ ကုန်တွင်းဝင်လာနိုင်ဖို့ရှိတယ်လို့ ခန့်မှန်းထားတာကြောင့် မုန်တိုင်း ဘေးလွတ်ရာကို မဖြစ်မနေ ကြိုတင် ထွက်ခွာကြဖို့ အာဏာပိုင်တွေက မနေ့က စပြီး ကြေညာထားပါတယ်။ မုန်တိုင်းဒဏ် ကြိုတင်ပြင်ဆင်ရေးတွေကြောင့် ဖလော်ရီဒါမှာ ဓါတ်ဆီဆိုင် ၄၀%လောက်ဓါတ်ဆီတွေပြတ်တောက်ကုန်ပြီလို့ ဒေသတွင်း ရုပ်သံသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မိုင်ယာမီမှာနေထိုင်တဲ့ မဟန်စုယဉ်ကတော့ အခြေအနေတွေကို အခုလိုပြောပြပါတယ်။

“ရေတွေကတော့ တော်တော်နေရာများများမှာ အခုဆိုင်တွေမှာဆိုရင် ဒီဘက်မှာဆိုရင်တော့ Public Supermarket တွေရှိတယ်၊ Fresh Market တွေရှိတယ်။ Public တွေမှာလည်းပြတ်တယ်။ အခုအမတို့လုပ်နေတဲ့ Fresh Market တွေမှာလည်း ရေကတနေ့လုံး ရေလုံးဝမရှိတော့ဘူး။ ဒီမနက်ကမှ Truck ကားရောက်တယ်ပေါ့နော် ရောက်တော့ ကိုယ်လည်းသူများနည်းတူ အမြန်ထွက်ရောက်တုန်းတော့ယူရတာပေါ့။ ရောက်တော့လည်း ခဏလေးနဲ့ပဲ ကုန်သွားတယ်။ ရေက တော်တော်များများမှာ ပြတ်တယ်။ နောက်ပြီးတော့ ဆီဆိုရင်လည်း ဓါတ်ဆီဆိုင်တော်တော်များများက ဆီမရှိတော့ဘူး။ အမတို့နေတဲ့ လမ်းကြောင်းမှာဆိုရင် ဆီဆိုင် ၆ ဆိုင်လောက်မှာ ၂ ဆိုင်လောက်ပဲ ဆီရှိတော့တယ်။ စုတို့လည်း ဆီဆိုင်မှာ တန်းစီနေတယ်လေ။ ၄၅ မိနစ်-၁ နာရီလောက်တော့ တန်းစီရတယ် အဲလိုမျိုးတော့ရှိပါတယ်။”

မုန်တိုင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့လည်း-

“ကိုယ်ကတော့ အိမ်မှာတော့ ပြင်ဆင်စရာရှိတာကတော့ shutter တွေဘာတွေ တော့ တပ်ပြီးသွားပြီပေါ့။ မြန်မာတော်တော်များများ အသိမိတ်ဆွေတွေမေးကြည့်တော့လည်း သူတို့ ရေတို့ ၊ အစားအသောက်တို့တော့ safe လုပ်ပြီးတော့ shutter တွေလည်းတပ်ပြီးသွားပြီပေါ့။ စုတို့ဆိုရင်လည်း evacuate zone ထဲမှာ zone A ပေါ့နော် ။ ပထမဦးဆီး ထွက်ခွာရမယ့် zone Aထဲမှာ ပါနေတာပေါ့ ကိုယ်နေတဲ့ နေရာကတော့။

မေး။ ။ ဘေးလွတ်ရာ အခြားနေရာကို သွားဖို့မရှိဘူးလားရှင့်။

ဖြေ။ ။အလုပ်ကတော့ မနက်ဖြန်ကတော့ မသွားတော့ဘူးပေါ့အမရယ် မသွားတော့ပဲနဲ့ အိမ်မှာပဲ နေပြီးတော့ လောလောဆည်တော့ အိမ်မှာပဲနေဖို့တော့ အစီအစဉ်ရှိတာပေါ့။ သူတို့ထွက်ခွာခိုင်းပေမယ့်လည်း ကိုယ်ကတော့ လောလောဆည်ထွက်ခွာဖို့တော့ အစီအစဉ် ဒီဘက်မှာကတော့ တခုတော့ရှိတာပေါ့ ။ အရမ်းဆိုးလာပြီဆိုရင်တော့ police တွေက တအိမ်တက်တအိမ်ဆင်း evacuate လုပ်ခိုင်းပါတယ်။ အဲဒီအချိန်ကျရင်တော့ ထွက်မယ်ပေါ့အမရယ်၊ အထုတ်တွေဘာတွေ အရေးကြီးစာရွက်စာတမ်းတွေ ကိုယ်ယူရမယ့် အရေးကြီးဆေးတို့နဲ့ ဒီ Hand carry တွေကတော့ အဆင်သင့်တော့ ပြင်ထားပြီးပါပြီ။ နောက်ဆုံးမိနစ်မှာထွက်ဆိုရင်တော့ ထွက်ရတော့မှာပေါ့။”

ဖလော်ရီဒါ အထက်ပိုင်း Jacksonville မြို့ မှာနေထိုင်တဲ့ ဆရာဝန် ဒေါက်တာစိုးပိုင်ကလည်း သူ့တို့ ဆေးရုံးမှာ အရေးပေါ်ကယ်ဆယ်ရေးအတွက် ကြိုဆင်ပြင်ဆင်နေကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့လုပ်တဲ့ ဆေးရုံမှာဆိုရင် Emergency team တွေဖွဲ့ထားပြီးပြီ။ စနေနေ့မနက်ကစပြီး အချိန်ပြည့်နေဖို့ လူတွေခေါ်ပြီး စုထားပြီးပြီ Evacuation တွေကတော့ လုပ်နေတာပဲ Florida တောင်ပိုင်း ဆေးရုံတွေဆိုရင် ပိတ်သွားပြီ။ အခုကျနော်အလုပ်လုပ်နေတဲ့ဆေးရုံကနေ မြင်နေရတဲ့ 95 ကားလမ်း က Virginia တို့ အထိတက်တဲ့ လမ်းက North bound ဆိုရင် ကားတွေက ကျပ်သိပ်ပြီးတော့ ပိတ်နေပြီ လမ်းတခုလုံးက။”

West Palm Beach မြို့မှာနေထိုင်တဲ့ အဆိုတော် မေမြတ်နိုးခင်ကလည်း မုန်တိုင်းတိုက်မယ့် ပမာဏအရမ်းကြီးတဲ့ အတွက် ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံးပြင်ဆင်ထားကြောင်း အခုလို ပြောပါတယ်။

“ပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတာကတော့ အစုံပဲ ရေတို့၊ ဓါတ်ဆီကတော့ Costco မှာ တန်းသွားစီတာ ၁ နာရီလောက်ကြာတယ်။ ပြီးတော့ Gas တို့အစားအသောက်တွေ အိမ်ကိုတော့ အကုန်ကာပြီးသွားပြီ။ ညီမက ဒီကိုရောက်တာ ၁၀ နှစ်တော့မပြည့်သေးဘူး ကျန်တာတွေကိုတော့ မမှီလိုက်ဘူး။ ဒါပေမယ့် အခုတခေါက်ကတော့ သူတို့ပြောတာကတော့ အကြီးဆုံးပဲလို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့က ပထမပြောတာကတော့ မိုင် ၄၀၀ လောက်ပြောပြီးတော့မှ အခုကျတော့ မိုင် ၆၀၀ ဖြစ်သွားတယ်။ တော်တော်ကြီးတယ်အမရေ ဘယ်မှ ပြေးလွှတ်မှာမဟုတ်ဘူး။”

အာမာမုန်တိုင်းဟာ စနေနှောင်းပိုင်းကနေ တနင်္ဂနွေမနက်ပိုင်းအထိ ဖလော်ရီဒါကုန်တွင်းပိုင်းကို တိုက်ခတ်နိုင်ဖို့ရှိတယ်လို့ အမေရိကန်မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အမေရိကန်အရှေ့တောင်ဘက် Caribbean ပင်လယ်ထဲမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၆ခုနှစ်က လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ ပြင်းအားအဆင့် ၄ရှိတဲ့ ဟာရီကိန်း Matthew မုန်တိုင်းနောက်ပိုင်းမှာ အာမာမုန်တိုင်းဟာ အပြင်းထန်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟာရီကိန်း အာမာမုန်တိုင်းဟာ လက်ရှိမှာ ကာရေဗီယန်ကျွန်းစု နိုင်ငံတွေထဲက ဒိုမီနီကန်ကို ဗဟိုပြု ဖြတ်သန်းနေပါတယ်။ လေတိုက်နှုန်း တနာရီကို မိုင် ၁၈၀ ကျော်ရှိတဲ့ မုန်တိုင်း ဖြတ်သန်းခဲ့တဲ့ အမေရိကန်ပိုင် ပေါ်တူရီကို အပါအဝင် ပြင်သစ်နဲ့ ဒတ်ချ်နိုင်ငံတို့ ပိုင်ဆိုင်တဲ့ St. Martin ကျွန်း တွေမှာတော့ လူအများအပြား လျှပ်စစ်မီးပြတ်တောက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ ထိခိုက်ဆုံးရှုံးမှု ကြီးကြီး မားမားဖြစ်ပေါ်ခဲ့ပြီး လူနေအဆောက်အဦး အတော်များများ ပြိုကျပျက်စီးနေတာတွေကို ကောင်းကင်က ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်က လူပေါင်း သိန်းနဲ့ချီသေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ တနာရီကို ၁၃၄ မိုင်နှုန်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG