ကာလီဖိတ်ခေါ် အစ္စလာမ်မစ်နိုင်ငံတော် လက်တွေ့အရ အကောင်အထည် မရှိပေမဲ့လည်း သူတို့ အကြမ်းဖက်အဖွဲ့ဟာ ဆက်လက် ရှင်သန် ကျယ်ပြန့်နေဆဲ ဖြစ်တယ်ဆိုတာ ပြသဖို့ ရည်ရွယ်ချက်နဲ့ IS တို့ဟာ သူတို့ရဲ့ မီဒီယာလှုပ်ရှားမှုကို ပြန်လည်စုစည်း လုပ်ဆောင်နေကြပါတယ်။
IS ခေါင်းဆောင် Abu Bakr al-Baghdadi အပေါ် တိုက်ခိုက်ရေးသမားတွေက ကတိသစ္စာ ခံယူနေကြတဲ့ ဗီဒီယိုတွေကို သူတို့ရဲ့ မီဒီယာ တွေမှာ ဖေါ်ပြနေကြတာ တလလောက်ရှိလာခဲ့ပါပြီ။
“ယုံကြည် ကိုးကွယ်သူတွေ အတွက် အကောင်းဆုံးရလဒ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုအခွေ ရှစ် ခု ကို ဒီ IS အကြမ်းဖက်သမားတွေက ထုတ်လုပ် ဖြန့်ချီခဲ့ကြပြီ ဖြစ်တယ်လို့ ထောက်လှမ်းရေး အရာရှိတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ ဒီဗီဒီယိုတွေဟာ IS တွေ မရှုံးနိမ့်သေးကြောင်း၊ ကမ္ဘာ့အနှံ့က စစ်သွေးကြွတွေဟာ သူတို့ခေါင်းဆောင်တွေအပေါ် သစ္စာရှိနေကြဆဲ ဖြစ်တယ်ဆိုတာ ပြသဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်အရာရှိကြီးတဦးက VOA ကို ပြောပါတယ်။
သူတို့ရဲ့ နောက်ဆုံး ဗီဒီယိုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့ပါတယ်။ အစောပိုင်းထုတ်ဝေခဲ့တဲ့ ဗီဒီယိုတွေကိုကြည့်ရင် အာဖရိက အနောက်ဘက်ခြမ်း၊ ဆိုင်းနိုင်း ကျွန်းဆွယ်၊ ဖိလစ်ပိုင်၊ ကော့ကေးဆပ်နဲ့ အာဖဂန် လစ်ဗျား အဇာဘိုင်ဂျန် စတဲ့ ဒေသက တိုက်ခိုက်ရေးသမား တွေရဲ့ ပုံကို ပြသထားပါတယ်။