အစ္စရေးက ဂါဇာမှာရှိတဲ့ ပစ်မှတ်တွေကို မနေ့ ဗုဒ္ဓဟူးနေ့က နောက်ထပ်တိုက်ခိုက်ခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ဂါဇာတောင်ပိုင်း စခန်းတခုက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ တဲတခုကို အစ္စရေးရဲ့ ဒုံးကျည်ထိမှန်တာကြောင့် ၂၁ ယောက်ထက် မနည်းသေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ Khan Younis မြို့အနီးက Nasser ဆေးရုံညွန်ကြားရေးမှုးက ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ လေကြောင်းကနေ သူတို့ရဲ့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ အကြီးတန်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဝင်တဦးကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသွားသူတွေထဲက ရုပ်အလောင်း ၁၅ လောင်း ထက်မနည်းကို ဆေးရုံကို ယူဆောင်ခဲ့ပေမယ့်၊ ရုပ်အလောင်းအတော်များများဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်တောက်ကုန်တာ၊ ဆိုးဆိုးရွားရွားမီးလောင်ထားတာတွေကြောင့် သေဆုံးတဲ့သူအရေအတွက် အတိအကျကို သိနိုင်ဖို့ ခက်ခဲနေပါတယ်။
အစ္စရေးရဲ့ အဲဒီတိုက်ခိုက်မှုမတိုင်ခင် အစောပိုင်းက ဂါဇာကို တိုက်ခိုက်မှုတွေအတွင်းမှာတော့ ကလေး ၄ ယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေစစ်တပ်က Khan Younis မြို့မှာရှိတဲ့ သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ကြဖို့ နောက်ထပ် အမိန့်သစ်ထုတ်ပြန်လိုက်ပြီး တရက်အကြာမှာ တင့်ကားတွေ ရှေ့ကိုတက်လာခဲ့ပြီး အဲဒီမှာရှိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေကလည်း ဒုံးကျည်တွေ နဲ့ ပြန်ပစ်ခတ်တာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Forum