သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဝန်ကြီးချုပ် Netanyahu ပဉ္စမသက်တမ်း ထမ်းဆောင်ဖို့ ပြင်ဆင်


အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ အစ္စရေးရွေးကောက်ပွဲမှာ အဓိက အတိုက်အခံဖြစ်တဲ့ အပြာနဲ့အဖြူ (Blue and White) ပါတီ ခေါင်းဆောင် Benny Gantz က သူတို့ရှုံးတာကို လက်ခံလိုက်တဲ့ အတွက် လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu ဟာ ပဉ္စမအကြိမ်သက်တမ်းကို ဆက်လက် ထမ်းဆောင်ဖို့ လုပ်နေပါပြီ။

မဲအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ Netanyahu ရဲ့ Likud ပါတီနဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး Benny Gantz ဦးဆောင်တဲ့ အပြာနဲ့အဖြူ ပါတီတို့က Knesset လွှတ်တော် အမတ်နေရာ ၁၂၀ မှာ ၃၅ နေရာစီနဲ့ မဲအရေအတွက် တူညီနေ ပေမယ့် Netanyahu အပါအဝင် လက်ယာယိမ်း ပါတီအုပ်စုက စုစုပေါင်း ၆၅ နေရာရတဲ့အတွက် မဲအပြတ်နဲ့ အနိုင်ရနေတာဖြစ်ပါတယ်။

ဂျေရုစလင်က VOA သတင်းထောက် Linda Gradstein ရဲ့ သတင်းကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အစ္စရေးမှာ ၁၉၉၆ ခုနှစ်ကစပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu ဟာ သူ့ရဲ့ လီကွဒ်ပါတီ ဌာနချုပ်မှာ အောင်ပွဲခံ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ အစ္စရေး ပြည်သူတွေက ကျနော့်ကို ပဉ္စမအကြိမ်ထပ်ပြီး ရွေးချယ်ခဲ့တဲ့ အတွက် သိပ်ကိုဝမ်းသာပါတယ်။ ထောက်ခံမှုကလည်း ပိုများပါတယ်။”

သူ့ကို စိန်ခေါ်သူ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Benny Gantz နဲ့ သူ့ရဲ့ အပြာနဲ့ အဖြူပါတီဟာ အစပိုင်းမှာ အနိုင်ရနေပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ရပါတယ်။ Gantz က သူတို့ရဲ့ အပြာနဲ့အဖြူ ပါတီဟာ တကယ် အပြောင်းအလဲတရပ် ဖြစ်အောင် ထူထောင်ထားတာ ဖြစ်ကြောင်း အစ္စရေးပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို သူတို့လေးစားပါကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

လွှတ်တော်အမတ်နေရာ ၁၂၀ မှာ ပါတီ ၂ ရပ်စလုံးက အမတ်နေရာ ၃၅ နေရာစီ ရထားတာ ဖြစ်ပေမယ့် Netanyahu ကို ထောက်ခံတဲ့ ဘာသာရေးနဲ့ လက်ယာယိမ်း အဖွဲ့က Gantz ရဲ့ ဗဟို လက်ဝဲယိမ်း ပါတီထက် အားပိုကောင်းနေတာပါ။ ဂျေရုစလင်က လမ်းမတွေပေါ်မှာတော့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ မဲပေးသူတွေကို တွေ့ရပါတယ်။ Netanyahu ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသူကတော့ Efrat Rachel Abergil ပါ။

“ကျမကတော့ Bibi မှ Bibi ပဲ။ သူက ဘယ်သူ့ကိုမဆို ခွဲခြားပြီး မဆက်ဆံဘူး။ အာရပ်ဖြစ်ဖြစ်၊ ဘယ်ဂျူးပဲဖြစ်ဖြစ်၊ အားလုံးဟာ လူသားတွေပဲတဲ့၊ Bibi ကိုပဲ သဘောကျတယ်။ သူက အကောင်းဆုံးပဲ”

အပြောင်းအလဲတွေ လုပ်ဖို့ အချိန်တန်ပြီလို့ ယုံကြည်သူကတော့ ဗိုလ်ချုပ်ကြီးဟောင်း Gantz ကို ထောက်ခံသူ Kalila Slolum ဖြစ်ပါတယ်။

“ကျမက အပြာနဲ့အဖြူပါတီက Kachol Lavan ကိုမဲပေးတယ်။ တကယ်တော့ ခေါင်းဆောင်သစ် နိုင်ငံရေးသမားသစ်တွေနဲ့ အစ္စရေးနိုင်ငံ ပြောင်းလဲဖို့ လိုနေပြီ။ ခုတော့ လက်ဝဲစွန်းရောက်သူတွေ လက်ယာစွန်း ရောက်သူတွေနဲ့ ၂ ခြမ်းကွဲနေတာမို့ ဘယ်ဘက်မှ မယိမ်းအောင် ပြန်လုပ်ဖို့ အချိန်ရောက်နေပြီလို့ ထင်ပါတယ်။”

လက်ဝဲယိမ်းပါတီကို ထောက်ခံတဲ့ Debbie Weissman ကလည်း ဝန်ကြီးချုပ် Netanyahu ကို မလိုလားပါဘူး။

“ ကျမကတော့ လက်ဝဲယိမ်းပါတီက Meretz ကိုပဲ မဲပေးတယ်။ သူတို့က အစ္စရေးနိုင်ငံမှာ ဒီမိုကရေစီ ခိုင်မြဲအောင် လူသားဆန်ဆန် ထုတ်ပြော တဲ့ပါတီပါ။ မစ္စတာ နာတန်ရာဟူး ကိုလည်း ဝန်ကြီးချုပ်ရာထူး ဆက်မယူစေချင်ဘူး။”

ဒါပေမယ့် သူ့ဆန္ဒ မပြည့်ပါဘူး။ အစ္စရေး ပြည်သူတွေက သူတို့ ယုံကြည်တဲ့သူ ဘယ်သူဆိုတာကို မဲပေး ပြသခဲ့ကြတယ်လို့ IJP ဂျေရူစလင် Post နိုင်ငံတကာရေးရာက အယ်ဒီတာ Liat Collins ကပြောပါတယ်။

“အခုမဲပေးပွဲမှာ ယုံကြည်မှုမဲတွေရတဲ့ သဘောပါ။ ကျမတို့ အခြေနေက စီးပွါးရေးကအစ ဘာပဲပြောပြော ကောင်းနေတယ်၊ သံတမန်ရေး မှာလည်း ခန့်မှန်းထားသလောက် ဆိုးဆိုးဝါးဝါးနဲ့ ရင်မဆိုင်ခဲ့ရဘူး။ ဒါကြောင့် ယုံကြည်မှုကရတဲ့ မဲမို့ Netanyahu လည်း ပျော်သွားမှာပါ။”

ဂျေရုစလင် Post မဂ္ဂဇင်း အယ်ဒီတာ Steve Linde ကလည်း ဒီရွေးကောက်ပွဲက လက်ရှိနိုင်ငံရေး အခြေနေကို မီးမောင်း ထိုးပြခဲ့တယ်လို့ သုံးသပ်ပါတယ်။

“ သဘောကတော့ ဝန်ကြီးချုပ် Netanyahu အပေါ် ယုံကြည်မှုမဲတွေ ပေးတယ်ဆိုတာ ပြနေပါတယ်။ သူဟာ ဒီနိုင်ငံကို အနည်းဆုံး နောက်ထပ်နှစ် အနည်းငယ် ထပ်ပြီး ဦးဆောင်နိုင်စွမ်း ရှိသေးတာကို ပြနေပါတယ်။ နောက်ရွေးကောက်ပွဲ - ဘယ်တော့ ကျင်းပမယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် သေချာတာကတော့ သူဟာ ၃၅ ကြိမ်မြောက် အစိုးရတရပ်ကို ဦးဆောင်မှာဖြစ်သလို အစ္စရေးသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာဖို့လည်း သေချာပါတယ်။”

အစ္စရေးနိုင်ငံမှာ နောက်ထပ်ပေါ်ပေါက်လာမယ့် Netanyahu ရဲ့ အစိုးရသစ်ကတော့ အရင်အစိုးရနဲ့ သိပ်ကွာဖို့တော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG