သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြိတ်အနယ်ပြိုင်ရမယ့် အစ္စရေး ရွေးကောက်ပွဲ


Israel ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမူများ
Israel ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမူများ

အစ္စရေးနိုင်ငံမှာ ဒီကနေ့ ရွေးကောက်ပွဲတွေကျင်းပပါတော့မယ်။ အာဏာကို ဆယ်စုနှစ်နဲ့ချီ ထိန်းထားခဲ့တဲ့ ဝန်ကြီးချုပ် Benjamin Netanyahu အတွက် အခုတကြိမ်ရွေးကောက်ပွဲက လွယ်လွယ်နဲ့အနိုင်ရဖို့မဖြစ်နိုင်တဲ့ အခြေအနေကြုံနေရ ပါတယ်။ အဓိကအတိုက်ခံ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz ကိုလည်း အစ္စရေးလူထုက တော်တော်သဘော ကျနေတာမို့ ဒီကနေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေက ဝန်ကြီးချုပ်နေရာအတွက် အကြိတ်အနယ်ပြိုင်ဆိုင်ကြရလိမ့်မယ်ဆိုတဲ့ အကြောင်း Ken Bredemeirerရဲ့သတင်းကို ကိုကျော်အောင်လွင်က ဆက်ပြောပါမယ်။

လက်ရှိအစ္စရေး ဝန်ကြီးချုပ် Netanyahu ရဲ့ Likud ပါတီနဲ့ ပြိုင်ဘက် Benny Gantzရဲ့ အဖြူနဲ့အပြာပါတီက အမတ်နေရာ ၁၂၀ရှိတဲ့ အစ္စရေးလွှတ်တော်အတွက် ရမယ့်နေရာ တွေက မတိမ်းမယိမ်းရှိနေတယ်လို့ လူထုသဘောထား ကောက်ခံမှု တွေမှာဖေါ်ပြနေပါတယ်။ ဒီအတိုင်းသာဆိုရင် အသက် ၆၉နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Netanyahu က အနိုင်ရမယ့် သဘောရှိနေပါတယ်။ သူ့ပါတီက လက်ယာယိမ်း ပါတီငယ်တွေနဲ့ မဟာမိတ်လုပ်ပြီး ညွန့်ပေါင်းဖွဲ့ထားတာပါ။ ဒီတကြိမ် လည်း သူပဲနိုင်မယ်ဆိုရင် Netanyahu ရဲ့ ဝန်ကြီးချုပ်သက်တမ်းက ငါးကြိမ်ဖြစ်သွားတော့မှာပါ။ Time Of Israel သတင်းစာရဲ့ အယ်ဒီတာ David Horovitzက ညွှန့်ပေါင်းဖွဲ့နိုင်တဲ့သူက အသာရလိမ့်မယ်လို့ဆိုပါတယ်။

“တခြားပါတီထက် အမတ်နေရာပိုရထားတယ်ဆိုရင် ရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ လူတွေက ထင်ကြပါတယ်။ အစ္စရေးမှာ တော့ ဒီလိုမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အစ္စရေးမှာ ပါတီစုံညွန့်ပေါင်းတွေ ရှိတာကြောင့်ပါ။ အဲဒါကြောင့် ညွန့် ပေါင်းပါတီဖွဲ့နိုင်တဲ့သူက အနိုင်ရမှာပါပဲ။ အတိုက်အခံ Gantzရဲ့ အဖြူနဲ့အပြာ မဟာမိတ်ပါတီကတော့ ဒီလိုညွှန့်ပေါင်းဖွဲ့ နိုင်မယ့်ပုံမပေါ်ပါဘူး”

လတွေနဲ့ ချီပြီးရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးခဲ့တာတွေကတော့ အဆုံးသတ်ပါပြီ။ ဝန်ကြီးချုပ် Netanyahu က သူနဲ့အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့ ဆက်ဆံရေးက နီးနီးကပ်ကပ်ရှိတယ်ဆိုတဲ့ အကြောင်း မဲဆန္ဒရှင်တွေကို သူက ထပ်ပြီးသတိပေးနေပါတယ်။

“အစ္စရေးဟာ အိမ်ဖြူတော်မှာ တာဝန်ယူခဲ့ကြတဲ့ အမေရိကန်သမ္မတတွေတော်တော်များများ ရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို ခံခဲ့ရတဲ့ နိုင်ငံပါ။ ဒါပေမဲ့ သမ္မတထရမ့်ထက် ပိုကောင်းတဲ့ အမေရိကန်သမ္မတ အစ္စရေးအတွက် မရှိခဲ့ပါဘူး။”

သူ့ရဲ့မေတ္တာရပ်ခံတိုက်တွန်းမှုကြောင့် အီရန်နိုင်ငံရဲ့ တော်လှန်ရေးပြည်စောင့်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်လို့ မနေ့တုန်းကပဲ သမ္မတထရမ့်ကကြေညာခဲ့တဲ့အပေါ် ဝန်ကြီးချုပ် Netanyahu က ကျေးဇူးတင်နေပါ တယ်။ သမ္မတထရမ့်ရဲ့ ၂နှစ်ကြာအုပ်ချုပ်မှုကာလ အတွင်း Netanyahu ရဲ့တခြား မေတ္တာရပ်ခံ တိုက်တွန်းမှုတွေကို လည်း သမ္မတထရမ့်က လက်ခံခဲ့တာပါ။

ဆီးရီးယားနဲ့နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးရဲ့ပိုင်နက်လို့ အမေရိကန်က အသိအမှတ်ပြုခဲ့တာ၊ ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံ ရုံးကိုလည်း တလ်အဗီးလ်မြို့ကနေ ဂျေရုဆလင်ကိုပြောင်းခဲ့တာအပြင် အီရန်ရဲ့နျူကလီး ယား လက်နက်ဆိုင်ရာသဘော တူညီချက်ကနေ အမေရိကန်နုတ်ထွက်ခဲ့တာတွေက Netanyahu ရဲ့တိုက်တွန်းချက်တွေဖြစ်ပါတယ်။

Netanyahuဟာ အဂတိလိုက်စားမှုနဲ့စွဲချက်တင်ခံနေရတာဖြစ်ပေမဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုထောက်ခံတဲ့ ရှေးရိုးစွဲမဲဆန္ဒ ရှင်တွေက အခု ရက်ပိုင်းတွေမှာပဲ မေ့ပစ်လိုက်ကြပါပြီ။ အနောက်ဘက်ကမ်းခြေမှာ အစ္စရေးတို့ရဲ့နယ်မြေတိုးချဲ့ သိမ်းပိုက် အခြေချမှုတွေ ကို အခိုင်အမာ လုပ်မယ်လို့ Netanyahu ကပြောခဲ့ပြီးနောက်ပိုင်းသူ့ကိုပြန်ထောက်ခံလာကြတာပါ။ တကယ်လို့ အစ္စရေး တို့ရဲ့အဲဒီနယ်မြေတိုးချဲ့အခြေချမှုတွေသာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမယ်ဆိုရင် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံထူ ထောင်ရေးကိစ္စက မျှော်လင့်ချက်ကုန်သွားနိုင်ပါတယ်။

Netanyahu ရဲ့ကတိကဝတ်တွေက တာဝန်မဲ့ရာကျတယ်လို့ အသက် ၅၉နှစ်ရှိပြီဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အတိုက်အခံခေါင်းဆောင် Benny Gantzက ဝေဖန်ပါတယ်။ သူက အစ္စရေးတို့ရဲ့ နယ်မြေသိမ်းပိုက်မှုကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ထောက်ခံမှုနဲ့ လုပ်ဆောင်တဲ့ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောကျတဲ့သူပါ။

Netanyahuအနေနဲ့ အာဏာစွန့်ရမယ့်အချိန်ကိုရောက်နေပြီ၊ အစ္စရေးရဲ့အင်အားတွေကို တစုတစည်းထဲဖြစ်အောင်လုပ်မယ့်သူလို့ Benny Gantzကပြောနေပါတယ်။ အစ္စရေးအနေနဲ့ တစုတစည်းထဲရှိပြီး အဆက်အစပ်ရှိရှိနဲ့မျှော်လင့်ချက်ရှိတဲ့လမ်းကို ရွေး မလား၊ အစွန်းရောက်မယ့် လမ်းကိုရွေးမလားဆိုတာ ဆုံးဖြတ်ဖို့လိုနေပြီလို့ဆိုပါတယ်။ တကယ်လို့များ ဒီကနေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ Netanyahu ပဲ ထပ်နိုင်မယ်ဆိုရင်တော့ သူဟာ အစ္စရေးနိုင်ငံကိုထူထောင်တဲ့ David Ben-Gurion ထက်ကိုကျော်လွန်ပြီး အစ္စရေးရဲ့ အုပ်ချုပ်မှု သက်တန်း အကြာဆုံးခေါင်းဆောင် ဖြစ်သွားပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG