သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဟာမတ်စ် စစ်ရေးခေါင်းဆောင်ကိုသုတ်သင်ခဲ့" အစ္စရေးထုတ်ပြန်


အစ္စရေးတို့တိုက်ခိုက်သုတ်သင်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ စစ်ဘက်အကြီးအကဲ မူဟာမက် ဒေ့ဖ် (Muhammad Deif) (သြဂုတ်လ ၁၊ ၂၀၂၄)
အစ္စရေးတို့တိုက်ခိုက်သုတ်သင်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ စစ်ဘက်အကြီးအကဲ မူဟာမက် ဒေ့ဖ် (Muhammad Deif) (သြဂုတ်လ ၁၊ ၂၀၂၄)

ဟာမတ်စ်အဖွဲ့ စစ်ဘက်အကြီးအကဲ မူဟာမက် ဒေ့ဖ် (Muhammad Deif) ဟာ ဂါဇာတောင်ပိုင်း Khan Younis မြို့ မှာ ဇူလိုင်လလယ်ပိုင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒေ့ဖ် (Deif) ဟာ အောက်တိုဘာ ၇ ရက် အစ္စရေးကိုတိုက်ခိုက်ခဲ့ရာမှာ အဓိက အစီအစဥ် ချခဲ့သူအဖြစ် အစ္စရေးက ယုံကြည်ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဂါဇာရဲ့ အိုစမာ ဘင်လာဒင်လို့ သူ့ကိုခေါ်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က အစ္စရေးကတိုက်ခိုက်ခဲ့ရာမှာ လူ ၉၀ သေဆုံးခဲ့ပေမဲ့ အဲဒီတုန်းက သူ သေမသေကို အစ္စရေးက မပြောခဲ့ပါဘူး။ ဟာမတ်စ်က ဒေ့ဖ် (Deif) သေဆုံးတဲ့သတင်းအပေါ် အတည်မပြုသလို ငြင်းလည်းမငြင်းပါဘူး။

ထောက်လှမ်းရေးသုံးသပ်ချက်တွေအရ ခုလို သေဆုံးကြောင်းပြောတာဖြစ်တယ်လို့ အစ္စရေးက ဆိုပါတယ်။ ၂၀၁၄ တုန်းကလည်း ဒေ့ဖ်ရဲ့ အိမ်ကို ဗုံးနဲ့တိုက်ခိုက်ခဲ့ပေမဲ့ သူ့ဇနီးနဲ့တနှစ်မပြည့်သေးတဲ့ သူ့ကလေးတို့ပဲ သေဆုံးသွားခဲ့ကြတာပါ။

အင်္ဂါနေ့တုန်းကလည်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က ဟက်ဇ်ဘိုလာအဆောက်အဦးကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဟက်ဇ်ဘိုလာတပ်မှူး ဖူးအက် ရှုကာ (Fouad Shukur) သေဆုံးခဲ့ပြီး နာရီအတန်ကြာမှာအီရန်နိုင်ငံ တီဟီရန်မြို့က ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh တည်းခိုရာ အဆောက်အဦပေါက်ကွဲ သေဆုံးသွားခဲ့ပါတယ်။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်ဖို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက အမိန့်ပေးလိုက်တယ်လို့ အီရန်အရာရှိသုံးဦးကို ကိုးကားပြီး နယူးယောက်တိုင်းမ်း သတင်းစာကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဟက်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ကလည်း အဆင့်သစ်တရပ်ကိုဝင်ခဲ့ပြီလို့ ကြာသပတေးနေ့မိန့်ခွန်းမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG