သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရောက်မြန်မာများ စေတနာဝန်ထမ်းလုပ်ဆောင်ကူညီ


အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ အစ္စရေးလေတပ်မှာ စေတနာ့ဝန်ထမ်းသွားရောက်ပြီး စားစရာပြင်ဆင်ပေးခဲ့တဲ့ အစ္စရေးရောက် မြန်မာများ။ (နိုဝင်ဘာ ၁၊ ၂၀၂၃)
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ အစ္စရေးလေတပ်မှာ စေတနာ့ဝန်ထမ်းသွားရောက်ပြီး စားစရာပြင်ဆင်ပေးခဲ့တဲ့ အစ္စရေးရောက် မြန်မာများ။ (နိုဝင်ဘာ ၁၊ ၂၀၂၃)

အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် နေ့စဉ်ရင်ဆိုင်နေရတဲ့ ဒုံးကျည်ဘေးအန္တရာယ်ကြားက အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ တယ်လ်အဗစ်မှာရှိတဲ့ လေတပ်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ပြီး အစားအသောက်တွေ လှုဒါန်းခဲ့ကြပါတယ်။တယ်လ်အဗစ်မှာနေထိုင်နေတဲ့ ကိုဆန်တိုကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ကိုဆန်တိုရေ၊ အခု ကျမတို့သိရတာကတော့ အစ္စရေးရောက် မြန်မာတွေကနေပြီးတော့ အစ္စရေးနိုင်ငံမှာ ဟားမတ်စ်နဲ့စစ်ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့ စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။ …ဆိုတော့ - ဘယ်လိုပုံစံမျိုး စေတနာ့ဝန်ထမ်းအနေနဲ့ ဆောင်ရွက်နေတာလဲ ရှင့်။

ကိုဆန်တို။ ။ လောလောဆယ်တော့ အစ္စရေးမှာရှိတဲ့ မြန်မာ ကွန်မြူနတီပေါ့နော်- လူငယ်တွေ၊ လူကြီးတွေ စုစည်းပြီးတော့ လုပ်အားဒါနပြုကြမယ်ဆိုပြီး - ကျနော်တို့ ပထမစဥ်းစားခဲ့ကြပါတယ်။ အဲဒီအတိုင်း- မနေ့ကပဲ လုပ်အားဒါနပြုနိုင်ခဲ့ကြပါတယ်အမရေ။ ကျနောတို့ကို အကာအကွယ်ပေးနေတဲ့ IDF စစ်သားတွေ စားနပ်ရိက္ခာအတွက်။ ကျနော်တို့က လုပ်အားဒါနပြုနိုင်ခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့မြန်မာနိုင်ငံသားတွေ တတ်ကျွမ်းတဲ့ပညာနဲ့ ဆူရှီးလိပ်ပြီးတော့ ဒီရဲဘော်တွေကို ကူညီနိုင်ခဲ့ပါတယ် အမရေ။

အင်ကြင်းနိုင်။ ။ အဲဒီလို အစ္စရေးလေတပ်အခြေစိုက်စခန်းကိုသွားပြီးတော့ လုပ်အားဒါနပြုတဲ့အခါမှာ သူတို့ဘက်ကတုံ့ပြန်ချက်က ဘယ်လိုတွေ့ရလဲရှင့်။

ကိုဆန်တို။ ။ ပထမတော့ - သူတို့ကတော့ ကျနော်တို့နဲ့စိမ်းနေတဲ့အခါကျတော့ ပထမတော့ မသိဘူးပေါ့။ ကျနော်တို့လည်း ရအောင်ချိတ်ဆက်ပြီးတဲ့အခါကျတော့ ချိတ်ဆက်မိခဲ့တယ်။ အခက်အခဲတွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့တွေရဲ့တုံ့ပြန်မှုကတော့ အရမ်းကျေးဇူးတင်တယ်၊ သူတို့အတွက် အရမ်းခွန်အားတွေဖြစ်တယ်၊ ပြောပြလို့မရလောက်အောင်ကို သူတို့မှာ ကျေးဇူးတွေတင်တဲ့အကြောင်း ထပ်ခါတလဲလဲ ကျနော်တို့ကို အနူးအညွတ်ပြောပါတယ်အမရေ။

အင်ကြင်းနိုင်။ ။ အခု ကိုဆန်တိုပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ကိုယ်က အစ္စရေးနိုင်ငံမှာ နေထိုင်နေရတဲ့အတွက် အစ္စရေးနိုင်ငံမှာ အခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာ ကိုယ်တွေက ဝိုင်းဝန်းကူညီတယ်။ တဘက်မှာလည်း အစ္စရေးစစ်တပ်က သူတို့အဓိကတိုက်နေရာမှာလည်း ဟားမတ်စ်တွေကို တိုက်နေတယ်ဆိုပေမဲ့ ဒီ ဂါဇာဘက်မှာက အဓိကအရပ်သားတွေ ရှိတဲ့နေရာတွေမှာလည်း သူတို့ အဓိကတိုက်ခိုက်မှုတွေကလည်း ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဆိုရင် တော်တော်လေး အကြိမ်အရေအတွက်များပြီးတော့ လူတွေသောင်းနဲ့ချီပြီးတော့ သေကြေရတဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ထောက်ပြထားတယ်ဆိုတော့ ဒီနေရမှာ အစ္စရေးက အင်အားသုံးပြီးတော့ ဟားမတ်စ်ဘက်မှာ တိုက်ခိုက်နေတယ်။ ကိုယ်ကလည်း တဘက်မှာ အစ္စရေးကို စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားဒါနပြုနေတဲ့အခါကျတော့ ဒီလိုအနေအထားမှာရော ဘယ်လိုမြင်လဲရှင့်။ အစ္စရေးနိုင်ငံအနေနဲ့ပေါ့နော်- ဂါဇာဒေသမှာ စစ်တိုက်နေရတဲ့အနေအထားကို.

ကိုဆန်တို။ ။ ပထမဆုံးအနေနဲ့ ကျနော်တို့မြန်မာပြည်သူတွေလည်း အစ္စရေးလို- ပါလက်စတိုင်းဘက်လိုပဲ စစ်အုပ်စုရဲ့အကြမ်းဖက်မှုကို နေ့စဥ် ခံနေရတာပါ။​ အဲဒီအတွက်ကြောင့် ကျနော်တို့ပြည်သူတွေဟာ ဒီလိုမျိုးအကြမ်းဖက်မှုတွေကို ဘယ်ဘက်ကလုပ်လုပ် ကျနော်တို့က လက်မခံသလို ကြိုလည်း မကြိုဆိုပါဘူး။ ဒီအကြမ်းဖက်မှုတွေအားလုံးကိုတော့ ကျနော်တို့က ရှုတ်ချပါတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ဘက်မှာလည်း နေ့စဥ်နဲ့အမျှ သူတို့ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို ဒုံးကျည်နဲ့ နေ့စဥ်ပစ်နေတာတွေဆိုလို့ရှိရင်လည်း ဒီဘက် အစ္စရေးပြည်သူတွေမှာ မလုံခြုံပါဘူး။ နောက်တခုက ဒီဘက်ကနေ လေတပ်နဲ့၊ ကျည်းကြောင်းနဲ့ဝင်ပြီးတော့ ဂါဇာကိုဝင်တဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်သေကြေ နစ်နာရတယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ ထပ်တူခံစားရပါတယ်အမရေ။ အဲဒီတော့ ဒီလိုမျိုး - ဘယ်ဘက်ကပြည်သူတွေကိုမှ နစ်နာဆုံးရှုံးတာတွေ၊ သွေးထွက်သံယိုတွေကို မမြင်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ - ကျနော်တို့မြန်မာပြည်သူတွေကိုယ်တိုင် ဒီလိုမျိုးအကြမ်းဖက်မှုတွေကို ကိုယ်တိုင်ခံစားနေကြရတဲ့အခါကျတော့ သူများတွေကိုလည်း နောက်ထပ် ကျနော်တို့လိုမျိုး မခံစားရေစချင်လို့ပါ။

အင်ကြင်းနိုင်။ ။ တဘက်မှာလည်း အစ္စရေးနိုင်ငံမှာ စစ်ပွဲက ဘယ်တော့ပြီးမလဲဆိုတာလည်း မသိတဲ့အခါကျတော့ မစ္စရေးရောက် မြန်မာတွေ မြန်မာသံရုံးနဲ့ဆက်ပြီးတော့ ပြန်ကြမယ့်အနေအထားကရော ဘယ်လိုအခြေအနေ ရှိလဲရှင့်။

ကိုဆန်တို။ ။ တချို့လည်း ပြီးခဲ့တဲ့နှစ်ရက်လောက်က ပြန်သွားကြတဲ့ သုံး-လေးယောက်တော့ ရှိပါတယ်။ နောက်လည်း လေး-ငါးယောက်တော့ ပြန်မယ့်အနေအထား ရှိတာ တွေ့ရပါတယ်။ ဒါကလည်း လူနည်းစုပါ။ ခန့်မှန်းခြေ ၃၀၀ ပတ်ဝန်းကျင်တော့ ရှိနေမှာပါ။ ၂၀၀ ကျော်၊ ၂၈၀၊ ၂၉၀ - အဲလောက်ကတော့ ရှိနေမှာပါ။ ကျနော်တို့ အရင်တခေါက်က ပြောသွားခဲ့သလိုပဲ ဒီမှာနေရတာက ပိုလုံခြုံပါတယ်၊ ဗမာပြည်ကိုပြန်တာထက်။

XS
SM
MD
LG