သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးတို့ တိုက်ခိုက်မှု အရှိန်မြှင့်


အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုတိုးလုပ်နေတဲ့ ဂါဇာဒေသဖက်က မီးခိုးလုံးများ၊ အောက်တိုဘာ ၂၈၊ ၂၀၂၃
အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုတိုးလုပ်နေတဲ့ ဂါဇာဒေသဖက်က မီးခိုးလုံးများ၊ အောက်တိုဘာ ၂၈၊ ၂၀၂၃

ဂါဇာဒေသမှာ အစ္စရေးစစ်တပ်ကမြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကို သောကြာနေ့ညက ပိုပြီးအရှိန်မြှင့် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ပွဲကို နောက်တဆင့်တက် ရှေ့တိုးထိုးစစ်ဆင်နေပြီလို့ အစ္စရေးစစ်တပ်က ပြောကြားတဲ့တိုက်ခိုက်မှုတွေအတွင်း ဂါဇာမြောက်ပိုင်းက ဟာမတ်စ်စစ်သွေးကြွတွေ ရှိနိုင်တဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်းတွေ၊ ဗုံးခိုကျင်းဒါဇင်ပေါင်းများစွာကို အစ္စရေးတပ်တွေဘက်က လက်နက် ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖျက်စီးနိုင်ခဲ့တယ်လို့ပြောပါတယ်။

တိုက်လေယာဉ်တွေဟာ ဟာမတ်စ်အဖွဲ့လေကြောင်းတပ်ဖွဲ့အကြီးအကဲ Asem Abu Rakaba ကို ပစ်မှတ်ထား သုတ်သင်နိုင်ခဲ့တယ်ဆိုတဲ့ သဘောမျိုး X လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းဒေသထဲကအရေးပါတဲ့ ဆယ်သွယ်ရေးအခြေခံ အဆောက်အအုံတွေလည်း ထိမှန်ခဲ့တဲ့အတွက် ဂါဇာဒေသထဲမှာရှိနေသူတွေနဲ့ ပြင်ပကမ္ဘာ အဆက်အသွယ်ပြတ်တောက်လုနီးပါး ဖြစ်နေပါတယ်။

ထိုးစစ်တွေကို ရှေ့တိုးလုပ်ဆောင်နေတာမှာ အစ္စရေးလ်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မနေ့ညက ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်ပြီး၊ မြေပြင်ထိုးစစ်တွေကို တိုးချဲ့လုပ်ဆောင်နေတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က စနေနေ့ မနက်အစောပိုင်းမှာ ပြောပါတယ်။

အစ္စရေးလ်တပ်တွေဘက်က အကြီးအကျယ် မြေပြင်ထိုးစစ်ဆင်မှုကို စတင်တော့မယ့် အခြေအနေလို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ အစ္စရေးတပ်တွေရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူအများအပြား ဒုက္ခရောက်နေကြတဲ့အတွက် တိုက်ခိုက်မှုတွေ ရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သောကြာနေ့က တခဲနက်တောင်းဆိုခဲ့ကြပါတယ်။

စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေတင်ဆောင်ထားတဲ့ ကုန်တင်ကားတွေကို ဂါဇာဒေသထဲ ဒီနေ့ စနေနေ့မှာ ဝင်ခွင့်ပြုမယ်လို့ အစ္စရေးအစိုးရဘက်က ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG