လက်ဘနွန်တောင်ပိုင်း Nabatieh မှာ ဒီကနေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ Nabatieh မြို့တော်ဝန်လည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးတိုက်ခိုက်မှုတွေဟာ အခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့သလို အခုဆိုရင်လည်း လက်ဘနွန်နိုင်ငံတဝန်းက အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး Jeanine Hennis-Plasschaert က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဒီလိုတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခအန္တရာယ်တွေဟာ မကြုံစဖူး အမြင့်ဆုံးကို ရောက်နေတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။
သက်ဆိုင်သူအားလုံးအနေနဲ့ အပြန်အလှန်တိုက်ခိုက်မှု စစ်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး အရပ်သားတွေရဲ့ လုံခြုံရေးနဲ့ လိုအပ်ချက်တွေနဲ့ ဒေသတွင်းတည်ငြိမ်ရေး ကိုအကောင်အထည်ဖေါ်နိုင်ရေး သံတမန်ရေးနည်းလမ်းနဲ့ ဆွေးနွေးကြဖို့ အချိန်တန်ပြီလို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ Hennis-Plasschaert ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ဘက်ကတော့- Nabatieh ဒေသမှာရှိနေတဲ့ ဟဇ်ဘိုလာ ကို ပစ်မှတ် ထားတာဖြစ်ပြီး ဒါဇင်နဲ့ချီ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါအပြင် ဒီကနေ့မှာလည်း ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးနေရာတွေကို အစ္စရေးက လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူနေရပ်ကွက် နှစ်ခုကနေ မီးခိုတွေ ထွက်ပေါ်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်။
အဲဒီနေရာတွေမှာ ဟဇ်ဘိုလာရဲ့ မြေအောက် လက်နက်သိုလှောင်ရုံတွေရှိနေတာကြောင့် တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ခင်မှာ ဘေရွတ်မြို့ ဟစ်ဇ်ဘိုလာတွေရှိနေတဲ့ အဆောက်အအုံတွေအနီးတဝိုက်က လူတွေကို ထွက်ခွာကြဖို့ သတိပေးခဲ့တယ်လို့လည်း အစ္စရေးက ဆိုပါတယ်။
လက်ဘနွန် ကို ဒီကနေ့မှာ ဒုံးကျည်ပေါင်း ၅၀ ကျော်နဲ့ ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ပြောဆိုထားပြီး ဟစ်ဇ်ဘိုလာ ဘက်ကလည်း အစ္စရေးမြောက်ပိုင်းဘက်ကို ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။
Forum