သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာထဲ အစ္စရေးမြေပြင်စစ်ဆင်ရေးတခု ဝင်ရောက်ခဲ့


အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေတာတွေကို ရှင်းလင်းဖယ်ရှားေပးနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ။ (အောက်တိုဘာ ၂၆။ ၂၀၂၃)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေတာတွေကို ရှင်းလင်းဖယ်ရှားေပးနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ။ (အောက်တိုဘာ ၂၆။ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသတွင်းကို အစ္စရေးက မြေပြင်စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့သုံးပတ်နီးပါးလုံးမှာတော့ အစ္စရေးဟာ ဂါဇာက ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။

အစ္စရေးမြေပြင်စစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ တင့်ကားတွေဟာ အကြမ်းဖက်အဖွဲ့ဝင်တွေ အဆောက်အဦိးအတော်များများနဲ့ တင့်ကားဖျက် ဒုံးလက်နက်စင်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး အစ္စရေးနယ်မြေထဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောဆိုပါတယ်။ ဒီစစ်ဆင်ရေးဟာ နောက်ထပ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်မှုဖြစ်တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟားမတ်စ်တို့အနေနဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေ မလုပ်နိုင်တော့အောင်အထိ စစ်ဆင်ရေးတွေ လုပ်သွားမယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ အစ္စရေးကို ရုတ်တရက်တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားအပါအ၀င် လူပေါင်း ၁,၄၀၀ ကျော်သေဆုံးခဲ့ရတာပါ။ လက်ရှိမှာတော့ ဂါဇာနယ်စပ်မှာ အစ္စရေးဘက်က တပ်အင်အား သုံးသိန်းအထိကို တပ်ဖြန့်ချထားပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာကို မြေပြင်ထိုးစစ်တရပ်ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Nethanyahu က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့လဲဆိုတာကိုတော့ အတိအကျမပြောခဲ့ပါဘူး။ အစ္စရေးအနေနဲ့ ဂါဇာအပြင် နောက်ထပ်စစ်မျက်နှာပြင်တွေ ဖွင့်တိုက်ဖို့ မရှိဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကပြောထားပါတယ်။ ဒါပေမယ့်လို့ အီရန်က နောက်ခံပေးထားတဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်နိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့တော့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဂါဇာမှာတော့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူဟာ ၆,၀၀၀ ကျော်သွားပြီး အများစုက အမျိုးသမီးနဲ့ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ ပါလက်စတိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီကိန်းဂဏန်းကိုတော့ အမေရိကန်နဲ့ အစ္စရေးတာဝန်ရှိသူတချို့က မေးခွန်းထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG