သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း လူ ၁ သန်းကျော် ထွက်သွားဖို့ မလွယ် လို့ ကုလတုံ့ပြန် 


အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြှောင်ဒေသကို ချီတက်နေတဲ့ အစ္စရေးတင့်ကားများ (အောက်တိုဘာ ၁၂၊ ၂၀၂၃)
အစ္စရေးတောင်ပိုင်း ဂါဇာကမ်းမြှောင်ဒေသကို ချီတက်နေတဲ့ အစ္စရေးတင့်ကားများ (အောက်တိုဘာ ၁၂၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်အခြမ်းမှာနေထိုင်သူ ၁ သန်းကျော်စလုံး တောင်ဘက်ပိုင်းကို ၂၄ နာရီအတွင်း သွားကြဖို့ အစ္စရေး ကာကွယ်ရေးဌာနက ပြောထားကြောင်း ကုလသမဂ္ဂ အရာရှိတွေက မနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီလောက်များပြားလှတဲ့ လူဦးရေကို အချိန်တိုအတွင်းမှာ ပြောင်းရွေ့ဖို့က မဖြစ်နိုင်ကြောင်းနဲ့ လူသားချင်းစာနာစရာ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ သဘောထားကို ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဖြစ်ဆိုးနဲ့ ကြုံနေရပြီးသား အခြေအနေကနေ ဘေးဒုက္ခရောက်တဲ့ အခြေအနေကျသွားနိုင်တာမို့ ဒီအမိန့်ကို ပြန်ရုတ်သိမ်းဖို့ ကုလသမဂ္ဂက ပြင်းထန်စွာ တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြောင်းရွှေ့ပေးရမဲ့ စာရင်းထဲမှာ ကုလသမဂ္ဂဝန်ထမ်းတွေအပြင် စာသင်ကျောင်းတွေ၊ ဆေးခန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဌာနတွေလည်း ပါဝင်တယ်လို့ Stephane Dujarric ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံအတွင်း ပြီးခဲ့တဲ့ စနေနေ့က ဟာမတ် အဖွဲ့က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း ဂါဇာဒေသကို လောင်စာဆီ၊ စားသောက်ကုန်နဲ့ ရေ စတဲ့ အရေးပါတဲ့ လိုအပ်ချက်တွေ မပို့နိုင်အောင် အစ္စရေးက ပိတ်ဆို့ထားခဲ့တာကြောင့် ဂါဇာဒေသဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီးဖြစ်ပါတယ်။ အစ္စရေးတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက လူပေါင်း ၃ သိန်းခွဲနီးပါး ပြည်တွင်းဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အစ္စရေးစစ်တပ်က အရံတပ်ဖွဲဝင် ၃ သိန်း ၆ သောင်းကို စစ်မှုထမ်းဖို့ ပြန်ခေါ်ထားသလို ဂါဇာနယ်စပ်မှာ တပ်တွေ ချနေတာကြောင့် ဒီရက်ပိုင်းအတွင်း ကုန်းကြောင်းကနေ ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်ဆိုတဲ့ တွက်ဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG