သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အစ္စရေးသူတဦးအမြင်


 အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သူ Anita Haviv Horiner (အောက်တိုဘာ ၁၃၊ ၂၀၂၃)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သူ Anita Haviv Horiner (အောက်တိုဘာ ၁၃၊ ၂၀၂၃)

အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေသရွေ့ အစ္စရေးနိုင်ငံရပ်တည်ရေးနဲ့ လုံခြုံရေးကို အမြဲခြိမ်းခြောက်နေမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံသူ Anita Haviv Horiner က ဗွီအိုအေကိုပြောပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ တယ်လ်အဗစ်မှာ နေထိုင်နေတဲ့ Anita ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အန်နီတာ ရော အခု လုံခြုံရေးအရ ဘယ်လိုရှိနေလဲ။

Anita- ကျမ အခုချိန်ထိတော့ လုံခြုံနေတယ်လို့ ပြောရမှာပါ။ ကျမနေတာက Tel Aviv မြို့ရဲ့ မြောက်ဘက် တမိုင်ကျော်လောက်မှာပါ။ အခုချိန်ထိ ကျမတို့ရှိတဲ့ အစ္စရေးရဲ့ မြောက်ဘက်ထိ စစ်ပွဲတွေရောက်ဖို့မရှိနိုင်ဘူးလို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကြောင့် အစ္စရေးနိုင်ငံသားတိုင်းလိုလို အကြီးအကျယ် စိတ်ထိခိုက်နေရတာကတော့ ထင်ရှားပါတယ်။

အင်ကြင်းနိုင်။ ။ အခုဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အဲဒီမှာ လူတွေ အတော်များများ ဒုက္ခ တွေအသက်အန္တရာယ်တွေ ရင်ဆိုင်နေရတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။ ဒီစစ်ပွဲကြောင့် အန်နီတာ အပေါ်မှာ ရော ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတာ ပြောပြပါလား။

Anita- စနေနေ့က ကြုံခဲ့ရတဲ့ ဖြစ်ရပ်မျိုး လုံးဝမျှော်လင့်မထားမိဘူး။ ဂါဇာကမ်းမြောင်ဒေသတောင်ဘက်ပိုင်းမှာရှိတဲ့ နယ်စပ်ကနေ အကြမ်းဖက်သမားတွေ စနေနေ့က ဝင်ရောက်ခဲ့ပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီတောင်ပိုင်းမှာရှိတဲ့ အစ္စရေးလူမျိုး တော်တော်များများကို ကျမသိပါတယ်။ ပြီးတော့ တောင်ပိုင်းကို ကောင်းကင်ကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတော့ လုံခြုံမှုမရှိဘူးဆိုတာ ကျမအရင်ကတည်းက သိပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ တိုက်ခိုက်ခံရမယ်လို့ ကျမယူဆထားတဲ့အတိုင်း ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီမှာ ဘယ်လောက်ထိ အခြေအနေဆိုးခဲ့သလဲဆိုတာ ကျမတို့ သေချာမသိကြရသေးပါဘူး။ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း ၉၀၀ ကျော်သေဆုံးခဲ့တာ၊ ထိခိုက်ဒဏ်ရာရသူ ၂,၇၀၀ ကျော်ရှိနေပြီး လူပေါင်း ၁၅၀ ကျော်လောက် ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ အဲဒီထဲမှာ အစ္စရေးတွေသာမက အိမ်အကူနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်တွေ လုပ်ကိုင်နေတဲ့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အခြားနိုင်ငံသားတွေလည်း ပါပါတယ်။ နောက်ပြီး အကြမ်းဖက်သမားတွေ ပြသခဲ့တဲ့ ဗွီဒီယိုတွေမှာ ဖမ်းဆီးထားသူတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်တာ၊ ရိုက်နှက်နေတာ စတာတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ရက်စက်လွန်းပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ ရုပ်ရှင်ကို ကြည့်ရသလိုဖြစ်နေတပါတယ်။

အင်ကြင်း။ ။ အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသကို ပြန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့နေရာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ အထူးသဖြင့် ပါလက်စတိုင်းအရပ်သားတွေရှိနေတဲ့ နေရာတွေကို အဓိက တိုက်ခိုက်ခဲ့တဲ့အတွက် လူ အများအပြားသေဆုံးခဲ့ကြပါတယ်။ အခုလို ဂါဇာကို ပြန်ပြီးထိန်းချုပ်ဖို့ အစ္စရေးအစိုးရက အင်အားအပြင်းအထန်သုံးတိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

Anita- ပထမဆုံးပြောချင်တာက အဲဒီတောင်ဘက်ပိုင်းကို အစ္စရေးက ထိန်းချုပ်လိုက်ပါပြီ။ ဂါဇာဘက်ကို ကောင်းကင်ကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို မြေပြင်မှာလည်း အစ္စရေးစစ်တပ်တွေ သွားနေပါပြီ။ ဟားမတ်စ်တွေကို အစ္စရေးက ဘယ်လိုနည်းနဲ့ မဆို ချေမှုန်းဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါဟာ ပြန်ပြီးလက်စားချေတုံ့ပြန်တာထက် လုံခြုံရေးအမြင်အရ စနေနေ့က ဖြစ်ခဲ့သလို နောင်ဘယ်တော့မှ ထပ်မဖြစ်အောင် အစ္စရေးက အဓိကထားပြီး လုပ်ဆောင်နေတာပါ။ ဟားမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စရေးနိုင်ငံဖြစ်တည်မှုကို ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အစ္စရေး အစိုးရရော၊ စစ်တပ်ပါ အမှားအယွင်းအများကြီးလုပ်ခဲ့တာမျိုးရှိပေမယ့် ဒါဟာ ဒုတိယအဆင့်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပြီး အခုချိန်မှာတော့ ဟားမတ်စ်တွေကို ချေမှုန်းရေးဟာ အစ္စရေးတွေအတွက် အဓိက အချက်ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အစ္စရေး-ဟားမတ်စ် စစ်ပွဲ ရပ်တန့်ပြီး ငြိမ်းချမ်းရေးရဖို့ ဆိုရင် ဘယ်လိုလုပ်ဆောင်နိုင်မယ်လို့ မြင်လဲ။

Anita- ကျမမြင်တာကတော့ စစ်ပွဲတွေ ဆက်ပြီးဖြစ်နေလိမ့်မယ်။ ကျမအနေနဲ့က စစ်ပွဲကိုလိုလားသူမဟုတ်ပါဘူး။ ပါလက်စတိုင်းတွေနဲ့ ညှိနှိုင်းပြီး အပေးအယူလုပ်တာကို လက်ခံထားသူပါ။ ဒါပေမယ့် ဒီကိစ္စမှာတော့ အခြားရွေးချယ်စရာလမ်းမရှိပါဘူး။ အခုအချိန်မှာ အပြင်းထန်ဆုံးနည်းလမ်းတွေနဲ့ ပြန်ပြီး တိုက်ခိုက်ဖို့ပဲရှိပါတယ်။ အခုဖြစ်နေတဲ့ စစ်ပွဲက ဘယ်လောက်အတိုင်းအတာထိကြီးလာမလဲဆိုတာတော့ ကျမမသိပါဘူး။ ဘာတွေဆက်ဖြစ်မလဲဆိုတာလည်း ခန့်မှန်းရခက်ပါတယ်။ ကျမပြောနိုင်တာကတော့ ကျမတို့ဆီမှာ ငြိမ်းချမ်းရေး ရဖို့ လိုအပ်နေပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေသရွေ့ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် အင်အားသုံး နှိမ်နင်းဖို့ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG