သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးသွားရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပတ်အတွင်းမှာ အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံကို သွားရောက်ပြီး အစ္စရေး ပါလက်စတိုင်းစစ်ပွဲအရေးနဲ့ ပတ်သက်လို့ ဆွေး‌နွေးမှာ ဖြစ်သလို အစ္စရေးနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ထောက်ခံကြောင်း ပြသတဲ့အနေနဲ့လည်း သွားရောက်တာဖြစ်ပါတယ်။

ဂါဇာဒေသမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်လာဖို့ နိုင်ငံအားလုံးနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ကြောင်း အမေရိကန်ဘက်က ပြောဆိုအပြီးမှာပဲ ဘလင်ကန် အခုလို သွားရောက်မှာပါ။ နိုင်ငံခြားရေးဌာန VOA သတင်းထောက် Nike Ching ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။

ဂါဇာနယ်စပ်ဒေသတဝိုက်ကို ထိန်းချုပ်ထားနိုင်ပြီလို့ အစ္စရေးက ကြေညာတဲ့အချိန်မှာပဲ ဂါဇာက ဟားမတ်စ် ခြေကုပ်ယူထားတဲ့နေရာတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာပါ။ ဟားမတ်စ်တွေကတော့ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မယ်ဆိုရင် ဓါးစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ကြားထဲကနေပဲ အစ္စရေးက အခုလို အစွမ်းကုန်တိုက်နေတာပါ။

အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးကိုထောက်ခံသွားမယ်လို့ ပြောနေတဲ့ တချိန်တည်းမှာပဲ ခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စုစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ အစ္စရေးကိုသွားရောက်မှာပါ။ အစ္စရေး ပါလက်စတိုင်း စစ်မီး အရှေ့အလယ်ပိုင်းဒေသတခွင် မကူးစက်ဖို့အတွက် ဘလင်ကန်ဟာ ဒေသတွင်း တခြားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

ဒီခရီးစဥ်နဲ့ပတ်သက်လို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က အခုလိုပြောပါတယ်။

"နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အစ္စရေးကို မကြာခင်ရက်တွေအတွင်း သွားပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အစ္စရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာပါ။ မယုံကြည်နိုင်လောက်အောင် ဆိုးရွားစွာ တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို သုတ်သင်ရှင်းလင်းရာမှာ ကျနော်တို့အနေနဲ့ အကောင်းဆုံး ဘယ်လို ကူညီထောက်ပံ့ပေးသွား မလဲဆိုတာတွေ ဆွေးနွေးမှာပါ။ အစ္စရေးအတွက် ကျနော်တို့ အခိုင်အမာ ဆက်ရပ်တည်သွားမှာပါ။"

ဟားမတ်စ်တွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း အမေရိကန်တွေအပါအဝင် အဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွတ်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့လည်း အမေရိကန်ဘက်က ပြောထားတာပါ။

"ဟားမတ်စ်ကို ဆက်သွယ်ပြောဆိုနိုင်တဲ့ နိုင်ငံတချို့ ရှိပါတယ်။ အဲဒီနိုင်ငံတွေအနေနဲ့ ဟားမတ်စ်တွေက ဓါးစာခံတွေကို ချက်ချင်း ပြန်လွှတ်အောင် တိုက်တွန်းဖို့ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။"

အစ္စရေးနိုင်ငံဟာ ဆော်ဒီအာရေးဗျနဲ့ ဆက်ဆံရေး ပုံမှန် ပြန်လည်ထူထောင်ဖို့ ကြိုးစားနေချိန်မှာပဲ ဟားမတ်စ်တွေရဲ့ အခုလို တိုက်ခိုက်မှုက သံတမန်ရေးကြိုးပမ်းမှုအပေါ် နှောင့်နှေးစေမယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဗဟိုဌာနက သုံးသပ်သူ Seth Jones က အခုလို ထောက်ပြပါတယ်။

"လက်ရှိ ပဋိပက္ခစစ်ပွဲကြောင့် ကြံ့ကြာသွားနိုင်ပါတယ်။ ဒီအစီအစဉ် ပျက်ပြယ်သွားတာမျိုး မဟုတ်ပေမယ့်လည်း စစ်ပွဲရဲ့ အလားအလာ ဘယ်ဘက်ကို ဉီးတည်သွားနိုင်မလဲ၊ အစ္စရေးကို အကူအညီပေးဖို့ ကိစ္စ အကြောင်းအရာတွေက လွှမ်းမိုးသွားနိုင်ပါတယ်။"

ပါလက်စတိုင်းတွေလိုလားတဲ့ အစ္စရေး-ပါလက်စတိုင်း ၂ ပြည်ထောင် အဖြစ် သီးခြားစီရပ်တည်ဖို့ကိစ္စဟာ အစ္စရေးနဲ့ ဆော်ဒီအာရေးဗျကြား သံတမန်ဆက်ဆံရေးထူထောင်ဖို့ ကိစ္စကို အဟန့်အတား ဖြစ်လို့ရမှာမဟုတ်ဘူးလို့ အမေရိကန်က ပြောထားပါတယ်။ လွတ်လပ်တဲ့ ပါလတ်စ်တိုင်းအဖြစ်ရပ်တည်ချင်တဲ့ ဟားမတ်စ်ရဲ့လိုလားချက်ဟာ တရားဝင်မှု မရှိဘူးလို့လည်း ဆိုပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG