သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ဖက်ဒရယ်မူ အတွေ့အကြုံ မြန်မာပြည်အတွက်မျှဝေ


လက်ဇင်တန် မြို့တော်ဝန်ဟောင်း Teresa Isaac ကို ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်း။
လက်ဇင်တန် မြို့တော်ဝန်ဟောင်း Teresa Isaac ကို ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်း။

တန်းတူအခွင့်အရေးတွေ ခံစားနိုင်မယ့် ပြည်ထောင်စု တရပ် ပေါ်ပေါက်ရေး မျှော်မှန်းနေတဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ် နိုင်ငံတခုရဲ့ အခြေခံမူတွေကို ပိုမိုနားလည်စေဖို့ ရည်ရွယ်ပြီး အမေရိကန် ပြည်ထောင်စု ကင်တပ်ကီပြည်နယ် လက်ဇင်တန်မြို့ရဲ့ မြို့တော်ဝန်ဟောင်း Teresa Isaac ဟာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဖယ်ဒရယ်မူကို လက်တွေ့အသုံးချနိုင်တဲ့အထိ ကြိုးပမ်းခဲ့ရတာတွေကို မြန်မာ့နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံအနှံ့မှာ ဖယ်ဒရယ်မူအကြောင်း ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ လက်ဇင်တန် မြို့တော်ဝန်ဟောင်း Teresa Isaac ကိုတော့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - မြန်မာနိုင်ငံထဲက အဖွဲ့အစည်းပေါင်းစုံနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံပြီး၊ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်ဆိုတော့၊ ဘယ်လို အတွေ့အကြုံတွေများ ရခဲ့ပါသလဲခင်ဗျ။

ဖြေ - ကျမနိုင်ငံအနှံ့ ရောက်ခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် တော်တော်များများကို သွားရောက်ခဲ့ပြီး၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ လူမှုအခြေပြုအဖွဲ့တွေ၊ လူငယ်တွေ၊ ဥပဒေရေးရာ အကူအညီပေးရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အားလုံးကလည်း ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ရှေ့အလားအလာတွေအပေါ် စိတ်လှုပ်ရှားနေကြသလို၊ လူမှုအသိုင်းအဝိုင်းကြား ပိုမိုပွင့်လင်းမှု ရှိစေရေး ကြိုးပမ်းရာမှာ အစိုးရအဖွဲ့ထဲ နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ စိတ်ဝင်တစားရှိပုံရတာလည်း တွေ့ရပါတယ်။

မေး - ကင်တပ်ကီပြည်နယ် လက်ဇင်တန်မြို့ရဲ့ မြို့တော်ဝန်ဟောင်း တယောက်ကနေ၊ ဘာကြောင့်များ အခုလို မြန်မာနိုင်ငံမှာ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ လာပြောဖြစ်တာလဲခင်ဗျ။

ဖြေ - နိုင်ငံခြားတိုင်းပြည်တွေကိုသွားပြီး အစိုးရတွင်းမှာ ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လိုလုပ်ရတယ်ဆိုတာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို လေ့ကျင့်ပေးဖို့၊ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်မှာပဲ ကျမကို ဆက်သွယ်ခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ကျမသွားခဲ့ပြီးပါပြီ၊ မြန်မာနိုင်ငံ အစီအစဉ်ကတော့ နောက်ဆုံးပါ။

မေး - အခုအစီအစဉ်က ဘယ်နှစ်ရက်လောက်ကြာပြီး၊ ဘယ်ဒေသတွေကိုများ သွားဖြစ်ခဲ့ပါသလဲ။

ဖြေ - မန္တလေး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်ကို ရောက်ပါတယ်။

မေး - တော်တော်များများ ရောက်ခဲ့တာပဲ။ ဒီနေရာတွေမှာ ဘာတွေများ ပြောဆိုဖြစ်ခဲ့လဲခင်ဗျ။

ဖြေ - ရောက်ခဲ့တဲ့ ဒေသတွေ အားလုံးမှာတော့ ကျမတို့ အမေရိကန်ပြည်ထောင်စုမှာ ဖယ်ဒရယ်မူကို ဘယ်လို ကျင့်သုံးတယ်၊ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသခံအစိုးရတွေကြားမှာ အာဏာနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲေ၀ သုံးစွဲကြတယ် ဆိုတာတွေကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရှင်းပြပါတယ်။ ဒီလိုပဲ အမေရိကန် ပြည်ထောင်စုမှာ ဖက်ဒရယ်စနစ်ဟာ ဒေသန္တရ အဆင့်မှာ ဘယ်လောက်အထိအောင် အထောက်အကူ ပြုတယ်ဆိုတာကိုလည်း နမူနာပေး ပြောပြခဲ့ပါတယ်။

မေး - အစိုးရအုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိခဲ့ဖူးသူ တယောက်အနေနဲ့ - အမေရိကန် ပြည်ထောင်စုမှာ လူနည်းစုရေးရာ ကိစ္စမျိုးတွေ ကြုံရတဲ့ အခါမျိုးမှာ ပြဿနာကို ဗဟိုအစိုးရအဆင့်၊ ဒေသန္တရ အစိုးရတွေ အဆင့်မှာ ဘယ်လိုများ ကိုင်တွယ် ဖြေရှင်းကြသလဲ ရှင်းပြပါလားခင်ဗျ။

ဖြေ - အမေရိကန် ပြည်ထောင်စုမှာ လူနည်းစုတွေနဲ့ လူမျိုးစုတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဘယ်လောက်အထိ အရေးကြီးတယ် ဆိုတာကို ကျမတွေ့ခဲ့တဲ့သူတွေ အားလုံးကို ပြောပြခဲ့သလို၊ ကျမတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ရှင်းပြခဲ့ပါတယ်။ အစမှာတော့ အမျိုးသမီးတွေ၊ အာဖရိကန်နွယ်ဖွား အမေရိကန်တွေကို မဲပေးခွင့် မပေးခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒါဟာမှားတယ်ဆိုတာကို သိလာတဲ့အခါမှာ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူနည်းစုအခွင့်အရေးအတွက် အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ၊ အစိုးရထဲမှာ အားလုံးပါဝင်ခွင့်ရအောင် လုပ်ဆောင်တာလို လက်ရှိအခြေအနေကနေ တိုးတက်အောင် ဘယ်လိုလုပ်လို့ရတယ် ဆိုတာကို ကျမရှင်းပြပါတယ်။ ပါဝင်သင့်တဲ့သူတွေ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ အခြေအနေတွေ တိုးတက်အောင် အမေရိကန် ပြည်ထောင်စုမှာလည်း ကြိုးပမ်းနေတယ် ဆိုတာတွေကို ပြောပြခဲ့ပါတယ်။

မေး - နိုင်ငံတိုင်းကတော့ ထူးခြားတဲ့ဝိသေသတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း အမေရိကန်ရဲ့ ဖယ်ဒရယ်စနစ်ကို တသွေမတိမ်း ကူးချလို့မရနိုင်ပါဘူး။ ဒါပေမဲ့လည်း အမေရိကန်ရဲ့ ဖယ်ဒရယ်စနစ်ကနေ မြန်မာနိုင်ငံအနေနဲ့ သင်ယူနိုင်တာတွေ ဘာတွေများ ရှိနိုင်မလဲ။

ဖြေ - ကျမအနေနဲ့ သူတို့ကို ရှင်းပြဖို့ ကြိုးစားခဲ့တာကတော့ အမေရိကန် ပြည်ထောင်စုမှာ လူတိုင်းဟာ မတူညီတဲ့ ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်မှုနဲ့ လူမျိုးနောက်ခံတွေ ကွဲပြားကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျမတို့မှာ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ နောက်ကြောင်းတွေ ရှိကြပေမဲ့လည်း၊ အားလုံးညီညီညွတ်ညွတ်ဖြစ်နဲ့ ပြည်ထောင်စုအဖြစ် စုစည်းထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကလည်း ကျမတို့အားလုံးဟာ မဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ယုံကြည်ထားကြလို့ပါ။ ဒီယုံကြည်မှုတွေကပဲ ကျမတို့အားလုံးကို ညီညွတ်အောင်စုစည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှင်တို့အားလုံးနဲ့ ရှင်တို့ရဲ့ တိုင်းပြည်ကို တညီတညွတ်တည်းဖြစ်အောင် စုစည်းပေးနိုင်ဖို့ တကယ့်ကို အရေးကြီးတဲ့အရာဟာ ဘာဖြစ်နိုင်သလဲဆိုတာကို ကျမတွေ့ဆုံခဲ့တဲ့ သူတိုင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

မေး - အမေရိကန်နဲ့ မတူဘဲ မြန်မာနိုင်ငံမှာက လူမျိုးစုတွေက ၁၀၀ ကျော် ရှိပါတယ်။ ဆိုတော့ ဒီလူတွေအားလုံးကို တစုတစည်းတည်း ဖြစ်ဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုမယ်လို့ ယူဆပါသလဲခင်ဗျ။

ဖြေ - ကျမတွေ့ဆုံဆွေးနွေးတဲ့ နေရာမှာ လူတိုင်းကိုယ်စီ တန်းတူအခွင့်အရေးရဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောဖြစ်ပါတယ်။ အစိုးရထဲမှာ ပါဝင်ခွင့်ရှိတယ်၊ ဥပဒေတွေ ဆုံးဖြတ်ပြဌာန်းရာမှာ ပါဝင်ခွင့်ရှိတယ်လို့ လူတွေစိတ်ထဲမှာ လက်ခံလာအောင်၊ သူတို့ဟာလည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရတယ်ဆိုတဲ့ ခံစားချက်မျိုးရှိအောင် လုပ်နိုင်ပြီဆိုရင် ပဋိပက္ခတွေလည်း လျော့ပါးလာမှာပါ။ ဒါကြောင့်လည်း ကျမရဲ့ အဖိုးအဖွားတွေ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကနေ ကင်တပ်ကီပြည်နယ်ကို ရောက်လာတဲ့ ကျမနောက်ကြောင်းရာဇဝင်ကို ရှင်းပြပါတယ်။ ကျမကိုယ်တိုင် လက်ဇင်တန်မြို့ရဲ့ မြို့တော်ဝန် ဖြစ်လာတဲ့အချိန်မှာ အာရပ်နွယ်ဖွားအမေရိကန်နိုင်ငံသား မြို့တော်ဝန်အုပ်ချုပ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးမြို့တမြို့ ဖြစ်လာခဲ့တာကိုလည်း ပြောပြခဲ့ပါတယ်။ ကင်တပ်ကီပြည်နယ်မှာရှိတဲ့ တခြားသူတွေနဲ့ ကျမရဲ့ နောက်ခံသမိုင်းကြောင်းဟာ ခြားနားမှုတွေ ရှိနေပေမဲ့လည်း၊ ကျမအနေနဲ့ မြို့တော်ဝန်တယောက် ဖြစ်နိုင်သလို၊ မတူကွဲပြားမှုတွေကို ကျော်လွှားပြီး၊ ဘုံရည်မှန်းချက်တွေကို အတူတကွ အကောင်အထည်ဖော်နိုင်တဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။

မေး - ယုံကြည်မှုနဲ့ ပတ်သက်လို့ ခင်ဗျားကထည့်ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာက သမိုင်းကြောင်းနဲ့ချီပြီး အစိုးရကတဘက်၊ စစ်တပ်ကတဘက်၊ တိုင်းရင်းသားတွေကတဘက် တဘက်နဲ့တဘက်ကြား မယုံကြည်မှုတွေ ရှိခဲ့ပါတယ်။ ဆိုတော့ အနာဂတ်အတွက် ယုံကြည်မှုကို ဘယ်လိုများ တည်ဆောက်နိုင်ကြမှာလဲခင်ဗျ။

ဖြေ - ဒါနဲ့ပတ်သက်လို့ ကျမတို့ အများကြီးဆွေးနွေးဖြစ်ခဲ့ပါတယ်။ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ လူထုအတွက် အစိုးရက ဘယ်လိုကတိကဝတ်တွေပေးပြီး၊ ကတိအတိုင်းတည်အောင် ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာတွေကို ပြောဖြစ်ပါတယ်။ ကျမတို့ လူမှုအသိုင်းအဝိုင်းကြားမှာ ဆိုရင်တော့ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မတရားသဖြင့် ပြုမူဆက်ဆံတာ ခံကြရပါတယ်။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့နဲ့ အာဖရိကန်နွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းကြား ယုံကြည်မှု တည်ဆောက်နိုင်အောင် ကျမတို့ ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ လုပ်ဖို့လိုတာကတော့ ၂ ဘက်စလုံးက အခြေအနေကို အားလုံးက နားလည်သဘောပေါက်နိုင်အောင် ကြိုးစားကြဖို့ပါ။ လူမှုအသိုင်းအဝိုင်းကြားမှာ စောင့်ကြည့်ကာကွယ်တဲ့ အစီအစဉ်မျိုးလည်း ကျမတို့လုပ်ခဲ့ပါတယ်။ ရပ်ကွက်တွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလာပြီး၊ ဒေသခံတွေထံက လေ့လာသင်ကြားတာမျိုး၊ ရာဇဝတ်မှု တခုခုနဲ့ ပတ်သက်လို့ တိုင်ကြားခဲ့ရင် ရဲတပ်ဖွဲ့က နောက်ဆက်တွဲ ကိုင်တွယ် အရေးယူတာမျိုး ရှိလာအောင် လုပ်ပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်တွေအနေနဲ့ သူတို့အပေါ် မတရားသဖြင့် ဆက်ဆံခံရတယ်လို့ ယူဆရင်၊ မြို့တော်ဝန်ထံ တိုင်ကြားပြီး၊ မြို့တော်ဝန်က စုံစမ်းစစ်ဆေးတာမျိုး၊ ရဲတပ်ဖွဲ့အနေနဲ့ မျှမျှတတ ဆက်ဆံအောင် ဆောင်ရွက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း အစိုးရနဲ့လူထုကြားမှာ ယုံကြည်မှုကို တည်ဆောက်ကြရတာပါ။ လူတွေအနေနဲ့ စိတ်ရှင်းရှင်းထားဖို့၊ စိတ်စေတနာကောင်းဖို့နဲ့ စိတ်ရှည်ကြဖို့လည်း ကျမတိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုတည်ဆောက်ဖို့ အချိန်ယူရပြီး၊ ၂ ဘက်စလုံး ပါဝင်ဖို့လည်း လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။

မေး - မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အနေနဲ့ လွတ်လပ်စွာအုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရဖို့ မျှော်မှန်းနေတာတော့ ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ။ ဒါပေမဲ့လည်း စိုးရိမ်မှုတချို့လည်း ရှိနေပါတယ်၊ အထူးသဖြင့်ကတော့ မြန်မာ့တပ်မတော်ဘက်က ဖြစ်ပါတယ်။ ဒီလိုသာ လွတ်လပ်စွာအုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးလိုက်မယ်ဆိုရင် ပြည်ထောင်စုကြီး ပြိုကွဲ သွားလိမ့်မယ်လို့ ပြောတာမျိုးတွေ ရှိပါတယ်။ ဒါဟာ ခိုင်လုံတဲ့ အကြောင်းပြချက်လို့ ထင်ပါသလား။

ဖြေ - တိုင်းပြည်ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး ကျမတော့ မတွေ့မိပါဘူး။ လူတွေအနေနဲ့ တန်းတူ အခွင့်အရေးတွေ ရလာမယ်ဆိုရင် တိုက်တာခိုက်တာတွေလည်း ပိုနည်းသွားလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိနေကြတဲ့ အထောက်အထားမျိုးတွေကိုပဲ ပိုပိုပြီး တွေ့မိပါတယ်။

မေး - အခုဆိုရင် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်တရပ် တက်လာပါပြီ။ အစိုးရအနေနဲ့ မကြာသေးခင်ကစလို့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ ညီလာခံတရပ် ခေါ်ယူကျင်းပခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေကလည်း ဖြစ်နေတုန်းပါ။ ဒီလိုအခြေအနေမျိုးမှာ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်ပါ့မလားခင်ဗျ။

ဖြေ - ကျမတို့နဲ့ တွေ့ဆုံခဲ့တဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့ တော်တော်များများကလည်း ဒီလိုမျိုး စိုးရိမ်တဲ့ သဘောထားတွေ ပြောကြပါတယ်။ အတူတကွပူးပေါင်းကြိုးပမ်းမယ်ဆိုရင် တိုက်ခိုက်မှုတချို့ကို ရပ်တန့်နိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ပေါ်ပေါက်လာစေချင်တဲ့ ဆန္ဒတွေကိုလည်း သူတို့က ပြောကြပါတယ်။ စစ်တပ်အနေနဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဖို့က အရေးကြီးတယ်လို့ ခံစားမိတဲ့အကြောင်းလည်း ကျမတို့နဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ လူတော်တော်များများက ပြောပါတယ်။ ဒါကြောင့်လည်း အမေရိကန် ပြည်ထောင်စုမှာ အရပ်သားအစိုးရက စစ်တပ်ရဲ့ အထက်မှာ ရှိနေတဲ့ အုပ်ချုပ်မှုစနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး မြန်မာနိုင်ငံမှာလည်း ပေါ်ပေါက်လာမယ်ဆိုရင် အစိုးရအပေါ် လူထုကလည်း ပိုပြီးယုံကြည်မှု ရှိလာမှာဖြစ်ပါတယ်။

မေး - မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အဓိကစိန်ခေါ်မှုက ဘာဖြစ်မယ်လို့ မြင်ပါသလဲခင်ဗျ။

ဖြေ - လူမျိုးစုပေါင်းစုံ ကွဲပြားခြားနားမှုတွေ ရှိပေမဲ့လည်း ညီညီညွတ်ညွတ် စုစည်းပေးနိုင်တယ်လို့ အားလုံးက အခိုင်အမာ ယုံကြည်လက်ခံနိုင်မယ့် အရာဟာ ဘာလဲဆိုတာကို မြန်မာလူထုက ဆုံးဖြတ်ရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါတွေကို မြန်မာလူထုကသာ ဆုံးဖြတ်ရမှာပါ။ အမေရိကန်မှာ ဘာတွေလိုတယ်ဆိုတာကို ကျမတို့သိသလို၊ နိုင်ငံတိုင်းက ပြည်သူတွေ အနေနဲ့လည်း ကိုယ့်တိုင်းပြည်မှာ ခိုင်ခိုင်မြဲမြဲစုစည်းပေးနိုင်မယ်လို့ အခိုင်အမာယုံကြည်နိုင်တာဟာ ဘာလဲဆိုတာကို ကိုယ့်ဖာသာကိုယ်ပဲ ဆုံးဖြတ်ကြရပါလိမ့်မယ်။

မြန်မာနိုင်ငံအနှံ့မှာ ဖယ်ဒရယ်မူအကြောင်း ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ လက်ဇင်တန် မြို့တော်ဝန်ဟောင်း Teresa Isaac ကိုတော့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦးက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG