သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ကတဆင့် မြန်မာကို ဒေါ်လာ ၃၇ သန်း ဂျပန်ကူညီ


တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက ဒီနေ့ ကြေညာပါတယ်။ အမေရိကန်ဒေါ်လာ ၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ထောက်ပံ့ကူညီမှုတွေကို ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC၊ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့UN Women၊ နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးစင်တာ AHA Center စတဲ့ အဖွဲ့အစည်းတွေအပြင် လူထုအခြေပြုအဖွဲ့တွေကတဆင့် ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ဒီနေ့ မတ်လ ၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းထားပြီး ၃ နှစ်အကြာ လေကြောင်းတိုက်ခိုက်မှုတွေ၊ နိုင်ငံအနှံ့တိုက်ပွဲတွေ၊ အပြစ်မဲ့သူအများအပြား သေကျေထိခိုက်ရတာနဲ့အတူ လူသားချင်းစာနာစရာ အခြေအနေတွေ ဆက်ပြီးဆိုးလာတယ်လို့ ဂျပန်အစိုးရက ထောက်ပြထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အဟာရပြည့်ဝရေး၊ ရေ နဲ့ မိလ္လာရရှိရေး၊ ပညာသင်ကြားရေး၊ အစားအသောက်နဲ့ ဆေးဝါးပေးဝေရေးတွေမှာ ဒေါ်လာ ၃၇ သန်းဖိုးအကူအညီတွေကို သုံးစွဲမှာဖြစ်ပါတယ်။

ဒါ့အပြင် လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို အကူအညီပေးရေး မူးယစ်ဆေးစွဲသူတွေ ဆေးပြတ်အောင်နဲ့ ပြန်လည်ထူထောင်ရေးပိုင်းတွေမှာလည်း အကူအညီပေးသွားဖို့လည်း ပါဝင်ပါတယ်။ ဒီအကူအညီတွေကို မြန်မာနိုင်ငံထဲမှာတင် မဟုတ်ဘဲ ထိုင်းနိုင်ငံထဲမှာရှိနေကြတဲ့ မြန်မာတွေအတွက်လည်း သုံးစွဲမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG