ဂျပန်နိုင်ငံက နိုင်ငံခြားကို ဆန်တင်ပို့မှု ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ ၈ ဆတိုးနိုင်အောင် ကြိုးစားသွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ ပြည်တွင်းမှာ ဆန်လိုအပ်ချက်ရှိပေမဲ့ နိုင်ငံခြားတင်ပို့မှု တိုးနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၆၀ အတွင်း ခေါက်ဆွဲ၊ ပေါင်မုန့် စတဲ့ အစားအစာတွေကို ပြောင်းလဲစားသုံးလာကြတဲ့အတွက် ထမင်းစားသုံးမှု ထက်ဝက်ကျော်လောက် ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားကို ဆန်တင်ပို့မှု တိုးမြှင့်နိုင်ဖို့နဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပိုမိုထိရောက်အောင်လုပ်မယ့် ရေရှည်စီမံကိန်းတစိတ်တဒေသဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ဆန်တန်ချိန် ၃ သိန်းခွဲတင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ လက်ရှိလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူ Masakazu Kawaguchi က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဂျပန်ရဲ့ဆန်တင်ပို့မှုဟာ တန်ချိန် ၄၅၀၀၀ ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဂျပန်မှာ ဆန်မလုံလောက်မှုဖြစ်နေတာပါ။ ပြီးခဲ့တဲ့နှစ်ကစလို့ ဆန်ဈေးတွေ ၂ ဆတက်နေသလို ဆန်ဈေးကျဆင်းရေး ကြိုးပမ်းတဲ့အနေနဲ့ အရေးပေါ်သိုလှောင်ထားတဲ့ ဆန်တွေကို ဒီတပတ်မှာ အစိုးရက လေလံတင် ရောင်းချမှုကို ရှားရှားပါးပါး စတင်လုပ်ခဲ့ပါတယ်။
Forum