သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ရောဂါအလွန် မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဂျပန်ကူညီမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (Myanmar State Counsellor Office)
(Myanmar State Counsellor Office)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (Myanmar State Counsellor Office) (Myanmar State Counsellor Office)

(Zawgyi/Unicode)

မြန်မာနိုင်ငံကို တနင်္လာနေ့က ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ကိုဗစ်ကပ်ရောဂါအလွန် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးဖို့ ကတိပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် တင်ဆက်ပေးပါမယ်။

ဒေသတွင်းခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကိုရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ဟာ ဒီကနေ့ မြန်မာအစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအရေး ဆွေးနွေးရာမှာ အကူအညီပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့တာပါ။ အထူးသဖြင့် COVID-19 ကပ်ရောဂါအလွန် ကာလ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ဂျပန်နိုင်ငံက အကူအညီပေးမယ့် ကိစ္စတွေကိုလည်း ပြောဆိုခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဗွီအိုအေကို ပြောပါတယ်။

“ ဂျပန်အနေနဲ့ အကူအညီပေးမယ့်ကိစ္စတွေ၊ နောက်မြန်မာနိုင်ငံရဲ့ စီးပွားရေး rapid economic recovery အတွက်ပေါ့နော် သူတို့ဂျပန်အနေနဲ့ ဘယ်လိုပူပေါင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ ပိုမိုပြီးတော့ပေါ့နော် နှစ်နိုင်ငံကြားနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စတွေကို COVID ကာလပြီးတဲ့အခါမှာ ပိုမိုတိုးချဲ့သွားနိုင်မယ့် အလားအလာ၊ အဲဒါတွေ ဆွေးနွေးပါတယ်။ ”

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက နိုင်ငံတော်အတိုင်ပင်ခံကလည်း ဂျပန်အစိုးရ အရာရှိတွေနဲ့ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲတွေ အွန်လိုင်းပေါ်ကနေ အပြန်အလှန် လုပ်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ဩဂုတ်လ ၁၂ရက်မှာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်ကို စင်္ကာပူနိုင်ငံနဲ့ စတင်ခဲ့ပြီး၊ ဩဂုတ်လ ၁၄ ရက်မှာ မလေးရှားနိုင်ငံကို သွားခဲ့ပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၀ ကနေ ၂၅ ရက်အထိ Papua New Guinea၊ လာအိုနဲ့၊ မြန်မာနိုင်ငံကို လာဖို့စီစဉ်ခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ပထမဦးဆုံးခရီးစဉ်ဟာ စိတ်ဝင်စားစရာကောင်းပြီး မြန်မာရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ဆောင်ရွက်မယ့် အခွင့်အလမ်းတွေကို ပွင့်သွားစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“ နှစ်နိုင်ငံ ဆက်ဆံရေးအတွက်ရော ဒေသတွင်းနိုင်ငံရေးအတွက်ရော အင်မတန်မှာ အရေးကြီးတဲ့ ခရီးစဉ်တခုလို့ ကျနော်က မြင်ပါတယ်။ အဲဒီတော့ အခုလို COVID-19 ကပ်ရောဂါ ဆိုက်ရောက်နေတဲ့ အချိန်မှာတောင်မှ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင်လာတယ် ဆိုတာက အင်မတန်မှ အရေးကြီးတဲ့ သံခင်းတမန်ခင်းဆိုင်ရာ အခြေအနေတခုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။”

တရုတ်စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်ထဲ လွှမ်းမိုးမှုများလာတာတွေနဲ့လည်း ဆက်စပ်နိုင်ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ၊ ရခိုင်ပြည်နယ် အကျပ်အတည်းကိစ္စ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း အပြန်အလှန်ဖြေလျှော့ဖို့၊ ပြည်ပပညာတော်သင်တွေကို ပြန်လက်ခံပေးဖို့တွေ ဒီကနေ့ ဆွေးနွေးခဲ့တာပါ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့်တင်ဖို့နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဒီကဏ္ဍတွေမှာ ငွေကြေးအဓိက ပံ့ပိုးပေးသွားမယ်လို့လည်း ကတိပေးသွားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို က ပြောပါတယ်။

ပြည်တွင်း ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍဖွံ့ဖြိုးဖို့ ဂျပန်အစိုးရထောက်ပံ့ခဲ့တဲ့ ယန်းငွေ သန်း ၈၀၀ ကတော့ ပေးပြီးသွားပြီဖြစ်ပြီး၊ COVID တိုက်ဖျက်ရေး အတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကိုလည်း ထောက်ပံ့ငွေအဖြစ် ပေးထားတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ အိန္ဒိယသမုဒ္ဒရာ သံခင်းတမန်ခင်းအတွက် ထင်ဟပ်နိုင်ပြီး တရုတ်ရဲ့ ပထဝီနိုင်ငံရေး လွှမ်းမိုးမှုအပေါ်မှာ ချိန်ခွင်လျှာညှိယူချင်တဲ့ ဂျပန်နိုင်ငံရဲ့ သဘောထားကို ပြတဲ့ ခရီးစဉ်တခုလို့လည်း သုံးသပ်နေတာတွေရှိပါတယ်။

တိုက်ရိုက် လင့်ခ်


..................

(Unicode)












XS
SM
MD
LG