အမေရိကန်သမ္မတကတော် Jill Biden ဥရောပခရီးစဉ်စတင်
{{Zawgyi/Unicode}}
ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပြဿနာကို ကိုယ်တိုင်ဆန်းစစ်ကြည့်ရှုဖို့ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒန်ဟာ သောကြာနေ့ကစပြီး ၄ ရက်ကြာ ဥရောပ ခရီးထွက်ခွါသွားပြီ ဖြစ်ပါတယ်။
သမ္မတကတော်ဟာ ရိုမေးနီးယား နိုင်ငံမှာ တာဝန်ကျနေတဲ့ အမေရိကန် တပ်သားတွေကို ကျေးဇူးတင်စကား ပြောကြားဖို့ရှိသလို ဒီသီတင်းပတ်ထဲ ကျရောက်မယ့် အမေများနေ့မှာတော့ ယူကရိန်းနယ်စပ်မှာ ရှိတဲ့ စလိုဗက်ကီးယားရွာကလေးက အိုးအိမ်ပြောင်းရွှေ့အခြေချလာတဲ့ ဒုက္ခသည် မိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောပါတယ်။
သမ္မတကတော်ဟာ သောကြာနေ့မှာ ရိုမေးနီးယား က Mihail Kogalniceanu လေတပ်အခြေစိုက်စခန်းကို သွားရောက်နေပါတယ်။ အဲဒီမှာ စခန်းချနေတဲ့ အမေရိန်ကန်တပ်သားတွေ ညစာစားပွဲအတွက် အမေရိကန်အကြိုက် အစားအစာတွေယူဆောင် သွားခဲ့သလို သူတို့ကို ကျေးဇူးတင်စကား ပြောကြားမှာလည်း ဖြစ်ပါတယ်။ ရုရှား- ယူကရိန်း စစ်ပွဲအတွက် အရှေ့ဥရောပ ဒေသမှာ သမ္မတဂျိုးဘိုင်ဒန် စေလွှတ်တဲ့ တပ်သားအများအပြားထဲက ယူကရိန်း နယ်စပ်နဲ့ မိုင် ၆၀ ကျော်အကွာက ဒီစခန်းမှာ တပ်သား ၁၆၀၀ လောက် ချထားတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံသား သန်းနဲ့ချီပြီး စလိုဗက်ကီးယားနဲ့ ရိုမေးနီးယား လို အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ အနေနဲ့ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့က ယူကရိန်းပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်နေကြောင်း သိဖို့ အရေးကြီးတယ်လို့ သူမနဲ့အတူ ခရီးစဉ်ကို လိုက်ပါလာတဲ့ သတင်းထောက်တွေကို သမ္မတကတော်က ပြောကြားခဲ့ပါတယ်။
ဒါဟာ သမ္မတကတော်ရဲ့ ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ ပထမခရီးစဉ်ကတော့ မနှစ်က ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်ဖွင့်ပွဲ တက်ရောက်ဖို့ တိုကျိုးကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
...........................................
{{Zawgyi/Unicode}}