သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေးဝန်ကြီး နုတ်ထွက်နိုင်ကြောင်း သမ္မတထရမ့်ပ်ပြော


အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ရာထူးကနေ နုတ်ထွက်နိုင်ခြေ ရှိတဲ့သဘော သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရည်ညွှန်းပြောဆိုပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ CBS ရုပ်သံသတင်းဌာနရဲ့ “60 Minutes” အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတထရမ့်ပ်က အဲဒီလို အရိပ်အမြွက် ထည့်ပြောထားတာပါ။ ဝန်ကြီး Mattis နုတ်ထွက်မယ်ဆိုတဲ့ အရိပ်လက္ခဏာပြမှု သူ့မှာမရှိပေမဲ့ “သူ နုတ်ထွက်နိုင်ပါတယ်၊ ခင်ဗျား အမှန်ကို သိချင်တယ်ဆိုရင်တော့ သူဟာ ဒီမိုကရက်တယောက်လိုမျိုးပဲလို့ ကျနော်ထင်ပါတယ်” ဆိုပြီး သမ္မတထရမ့်ပ်က ပြောပါတယ်။

အငြိမ်းစား မရိန်းတပ်ဖွဲ့ ဗိုလ်ချုပ်ကြီးဖြစ်သူ ဝန်ကြီး Mattis ဟာ “လူကောင်းတဦးပါ၊ ကျနော်တို့ သိပ်ကိုအဆင်ပြေပါတယ်၊ သူ ထွက်ကောင်းထွက်နိုင်ပါတယ်၊ ဆိုလိုတာက တချိန်ချိန်မှာတော့ လူတိုင်း သွားကြမှာပါ၊ လူတိုင်းပါပဲ၊ လူတွေ ထွက်ကြတာပါပဲ၊ အဲဒါ ဝါရှင်တန်ပဲလေ” လို့ သမ္မတထရမ့်ပ်က ပြောပါတယ်။

သမ္မတထရမ့်ပ်ဟာ သူ့ရဲ့ ၂၁ လကြာ အစိုးရအဖွဲ့သက်တမ်းအတွင်း အဓိကတာဝန်ရှိသူ အများအပြားကို ထုတ်ပစ်တာ ဒါမှမဟုတ် ထွက်သွားအောင် တွန်းအားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley လို သူသဘောကျတဲ့လူတွေ နုတ်ထွက်သွားတာတွေလည်း ရှိပါတယ်။ သံအမတ်ကြီး Haley က ဒီနှစ်ကုန်မှာ နုတ်ထွက်မယ့် အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ပြောထားတာပါ။

ကာကွယ်ရေးဝန်ကြီး Mattis ဟာ သမ္မတထရမ့်ပ်နဲ့ရော အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton လို အစိုးရအဖွဲ့ထဲက စစ်ရေးပိုလိုလားတဲ့ တာဝန်ရှိသူတွေနဲ့ပါ မကြာခန သဘောထားကွဲလွဲလေ့ရှိသူလို့ သတင်းတွေထွက်ထားပါတယ်။

ကန်ကာကွယ်ရေးဝန်ကြီး နုတ်ထွက်နိုင်ကြောင်း သမ္မတထရမ့်ပ်ပြော
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG