သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လွတ်လာတဲ့ ကန်သင်းအုပ်ဆရာ အိမ်ဖြူတော်မှာ ဆုမွန်တောင်း


ပြန်လွှတ်လာတဲ့ ကန်သင်းအုပ်ဆရာ အိမ်ဖြူတော်မှာဆုမွန်တောင်း
ပြန်လွှတ်လာတဲ့ ကန်သင်းအုပ်ဆရာ အိမ်ဖြူတော်မှာဆုမွန်တောင်း

တူရကီ နိုင်ငံမှာ ၂ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်လာတဲ့ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာက မနေ့ စနေနေ့နေ့ခင်းပိုင်းမှာ အမေရိကန် သမ္မတ အိမ်ဖြူတော်ရုံးခန်းမှာ သမ္မတ Donald Trump အနီး ဒူးထောက်ပြီး ဘုရားသခင်ထံက တန်ခိုး ဆုလာဘ်ချီးမြှင့်ဖို့ ဆုတောင်းခဲ့ပါတယ်။

ဧဝံဂေလီ ခရစ်ယာန် တဦးဖြစ်တဲ့ သင်းအုပ်ဆရာ Andrew Brunson က သူလွတ်မြောက်ရေး အတွက် တူရကီ အစိုးရ အပေါ် အမေရိကန် အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့တဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာ Brunson လွတ်မြောက်လာတဲ့ အပေါ် တူရကီ သမ္မတ Recep Tayyip Erdogan ကိုလည်း ကျေးဇူးတင်ကြောင်း သမ္မတ Trump က ပြောဆိုပြီး ငွေပေးခဲ့ရတာ မရှိဘူးလို့လည်း ပြောဆိုသွားပါတယ်။ Brunson လွတ်မြောက်ရေး အတွက် ဘာတွေ လုပ်ခဲ့ရသလဲလို့ သမ္မတ Trump ကို ဗွီအိုအေက မေးမြန်းခဲ့တာမှာတော့ သမ္မတက တူရကီနဲ့ ဆွေးနွေးခဲ့ကြောင်း၊ နောက် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ပြီးနောက် သူလွတ်လာတာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

Brunson လွတ်မြောက်ရေး အတွက် အချိန်အတော်ကြာ ကြိုးစားခဲ့ရတယ်လို့လည်း သမ္မတက Cincinnati လေဆိပ်မှာ ဖြေကြားခဲ့တာပါ။ Brunson လွတ်မြောက်လာတာကြောင့် အမေရိကန်နဲ့ တူရကီကြား သံတမန်ရေး အငြင်းပွားမှု အဆုံးသတ်သွားပါပြီ။ အကြမ်းဖက်ဝါဒ ထောက်ခံသူ အဖြစ်နဲ့ရော သူလျှိုလုပ်မှုနဲ့ပါ စွဲချက်တင်ခံခဲ့ရတဲ့ Mr. Brunson ဟာ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၃၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ အမေရိကန် ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို အခြေ အမြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။ ဒီကိစ္စကို ဖြေရှင်းနိုင်လိုက်တာဟာဆိုရင် အမေရိကန်နဲ့ တူရကီ ဆက်ဆံရေးမှာ အင်မတန်မှ ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်လို့လည်း အမေရိကန် သမ္မတ က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG