သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်တဲ့နိုင်ငံတွေထဲ မြန်မာပါဝင်


နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ (U.S. Department of State)
နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ (U.S. Department of State)

နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ရာ ကမ္ဘာတဝှမ်း ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုံးနေမှုတွေကို ကာကွယ်ဖို့အတွက်လုပ်ဆောင်သင့်တဲ့အကြောင်း နိုင်ငံခြားရေးဌာနကပြောပါတယ်။ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အထူးသံမှူးကြီး Sam Brownback က သူ့အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးမှာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်ယူကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ကမ္ဘာတဝှမ်း ဘာသာရေးလွတ်လပ်ခွင့် ဝန်ကြီးများအဆင့်ညီလာခံကို အင်္ဂါနေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ရာမှာ အစိုးရအရာရှိတွေ ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အခြေခံလူ့အဖွဲ့အစည်းကိုယ်စားလှယ်အချို့လည်း တက်ရောက်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံး ဘာသာရေးလွတ်လပ်ဆိုးရွားမှုတွေကို ယနေ့ကမ္ဘာကြီးမှာ ကြုံတွေ့နေရာစဉ်မှာ တရုတ်ပြည်အတွင်း လူနည်းစု ဝီဂါ နဲ့ တခြားမွတ်ဆလင်တွေ ၊ မြန်မာနိုင်ငံမှာ ၂၀၁၇ သြဂုတ်လကစလို့ ရိုဟင်ဂျာ ၇ သိန်းနီးပါး မြန်မာလုံခြုံရေးတပ်တွေရဲ့ ဖိနှိပ်တဲ့ လူမျိုးစုအလိုက်ဖယ်ရှားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံခဲ့တဲ့ ဖြစ်ရပ်လို ၊ ဆူဒင်မှာ ဖေဖော်ဝါရီလက ဧဝံဂေလိ ဘုရားရှိခိုးကျောင်း တကျောင်းမှာ တနလာၤနေ့က ဝတ်ပြုနေစဉ် လူတွေကို ရဲက နှင်ထုတ်ခဲ့ပြီး အစိုးရက ဘုရားရှိခိုးကျောင်းတွေကို လိုက်ပြီး ဖြိုခွင်းဖျက်ဆီးနေတာ၊ စသဖြင့်ကို ဝန်ကြီး Mike Pompeo ထောက်ပြခဲ့ပြီး ဒီလိုဖြစ်ရပ်တွေဟာ ရွံ့ရှာမုန်းတီးမှုတွေဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်ဟာ လူတိုင်းမွေးရာပါ အခွင့်အရေးဖြစ်တယ်လို့ သူ့သဘောထားအမြင်မှာ ထောက်ပြပါတယ်။

နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်တို့ဆိုင်ရာအမေရိကန်အထူးသံအမတ်ကြီး Sam Brownback က ညီလာခံအဖွင့်မိန့်ခွန်းမှာတော့ မြန်မာအပါအဝင် ကမ္ဘာတဝှမ်းဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတဲ့ ဖြစ်ရပ်တွေကို အခုလိုမီးမှောင်းထိုးထားပါတယ်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေဟာ ဘာသာရေးလူနည်းစ ရိုဟင်ဂျာ တွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုမျိုး ကျူးလွန်မှုတွေရှိနေပါတယ်။ အီရတ်မှာ ဘာသာရေးလူနည်းစု ရာဇတီ နဲ့ ခရစ်ယာန်တွေဟာ IS အစွန်းရောက်တွေရဲ့ နှိတ်ကွပ်ခြင်းကို ခံနေရပြီးတော့ လုံခြုံရေးနဲ့ တခြားအကူအညီတွေလိုအပ်နေပါတယ်။ တူရကီမှာဆိုရင် တရားဟောဆရာ Andrew Brunson ဟာလုပ်ကြံတဲ့စွပ်စွဲချက်နဲ့ မတရားတာကို ခံနေရပါတယ်။ တရုတ်ပြည်မှာ ဝီဂါ မွတ်ဆလင်တွေဟာ အကျဉ်းစခန်းတွေကို ပို့ဆောင်ခြင်းခံနေရပါတယ်။ တိဘတ်က ဗုဒွဘာသာဝင်တွေဟာ သူတို့ယုံကြည်တဲ့ဘာသာကို ကိုးကွယ်ရာမှာ သိသာတဲ့ ကန့်သတ်ချုပ်ချယ်တာတွေ ခံနေရသလို ခရစ်ယာန်ဘုရားကျောင်းခေါင်းဆောင်တွေဟာလည်း ထောင်ချတာကို ခံနေရပါတယ်။”

ညီလာခံမှာ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်ခံနေရသူများအကြောင်း တင်ပြရာမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ဆင်းရဲမွဲတေနေတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ဆောင်ရွက်ပေးနေတဲ့ တရုတ်နွယ်ဖွား မြောက်ကယ်ရိုလိုင်းနားက တရားဟောဆရာ ဆောင်ဂျွန်Cao ကို တရုတ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့အကြောင်း သူ့ဇနီးဖြစ်သူ ဂျီမီပါဝါက တင်ပြသွားပါတယ်။

“၂၀၁၂ မှာ ဂျွန်ဟာ မြန်မာနယ်စပ်ရှိ ကချင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဆင်းရဲမွဲတေပြီး ဘဝအဆင့်အတန်းနိမ့်ကျလှမှုကို တွေ့ရတဲ့အတွက် အံ့အားသင့် တုန်လှုပ်ခဲ့ရပါတယ်။ အဝတ်အစားအလုံအလောက်မရှိကြပဲ၊ အဟာရဓါတ်ချို့တဲ့နေတဲ့ ကလေးတွေ မွေးကင်းစကလေးတွေ သေဆုံးမှုမျိုးမြင့်တာတွေ ၊ ဝက်မွေးခြံတွေနဲ့ ကပ်ပြီး ယာယီတဲထိုးထားတဲ့ ကျောင်းတွေ စသဖြင့် ဒါတွေကို တွေ့ရတဲ့အခါ ဘုရားသခင်အလိုတော်အရ သူဟာ သူတတ်နိုင်တဲ့ အစွမ်းနဲ့ ကူညီရမယ်ဆိုတာကို ခံယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရစ်ယာန်ကျောင်းရဲ့ တခြားလုပ်အားပေးတွေနဲ့ အတူ သူဟာ ဆင်းရဲမွဲတေမှုပပြောက်ရေး၊ ပညာသင်ခွင့်ရရှိရေးအတွက် ၀ တိုင်းရင်းသားတွေအတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျောင်းပေါင်း ၁၆ ကျောင်း ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်ခဲ့ပါတယ်။ အကူအညီပစ္စည်းတွေကို ထရတ်ကားတွေနဲ့ သယ်ယူခဲ့ပြီး တောင်ပေါ်တိုင်းရင်းသားတွေဆီကို ပေးပို့ခဲ့ပါတယ်။ အစီအစဉ်တွေကို တိုးချဲ့ရာမှာ ရွှေတြိဂုံနယ်မြေရှိ ဆေးဝါးကုသမှု ၊ မှုးယစ်ဆေးစွဲမှုကို ကာကွယ်စေဖို့အတွက်လည်း ကူညီဆောင်ရွက်ခဲ့ပါတယ်။”

ဒါပေမယ့် တရုတ်အစိုးရကတော့ တရားဟောဆရာ ဂျွန်ကို မနစ်ကပဲ ဖမ်းဆီးသွားတယ်လို့ သူကပြောပါတယ်။

“မတ်လ ၅ ရက် ၂၀၁၇ မှာ ဂျွန်နဲ့ နောက်ဆရာတဦးကို တရုတ်နယ်စပ်ရဲက ဖမ်းဆီးသွားပါတယ်။ ဂျွန်ဟာ ဘာသာရေးကြောင့် အခုလို ထောင်ချောက်ဆင်ပြီးတော့ ဖမ်းဆီးခံရတာပါ။ သူ့ကို စွဲချက်တင်ရာမှာလည်း နယ်စပ်တရားမဝင် ဖြတ်ကျော်ဖို့ အားပေးမှုနဲ့ ဖမ်းဆီးခဲ့တာပါ ။ ဒီလိုစွဲချက်တွေကို သာမန်အားဖြင့် လူကုန်ကူးသူတွေကိုသာ ချမှတ်တာဖြစ်ပါတယ်။ သူဟာ ထောင်ထဲမှာ အခုဆို ကျန်းမာရေးချို့တဲ့နေပြီး ပေါင် ၅၀ လောက်ကျသွားပါတယ်။ မိသားစုနဲ့လည်း ဆက်သွယ်ခွင့်မရခဲ့ပါဘူး။ သူလွှတ်မြောက်ရေးအတွက် ကျမတို့ မိသားစုနဲ့အတူ သွေးစည်းခိုင်မာမှုပြသဖို့ မေတ္တာရပ်ခံပါတယ်။” တရားဟောဆရာ ဂျွန် ဇနီးဖြစ်သူ က ညီလာခံတက်ရောက်သူတွေကို မေတ္တာရပ်ခံသွားတာပါ။

၂၀၁၇ ဒီဇင်ဘာလက နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေအပေါ် နှိတ်ကွပ်မှုကြောင့် ကမ္ဘာပေါ်မှာ CPC လို့ခေါ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်အစိုးရိမ်ရဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။ လက်ရှိညီလာခံမှာ ပြည်ပရောက် ရိုဟင်ဂျာ မွတ်ဆလင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအပြင် မြန်မာနိုင်ငံက CSO ကိုယ်စားလှယ်အချို့လည်း တက်ရောက်တယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG