သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ မြန်မာကန့်ကွက်


အမေရိကန်အစိုးရက ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ တိုးတက်မှုမမြင်ရသေးကြောင်း ဖော်ပြချက်ကို မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အဆင့်မြင့်အရာရှိက ကန့်ကွက်ကြောင်း ပြောဆိုလိုက်ပါတယ်။ သူက မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းထားတာနဲ့အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားကြောင်း တုံပြန်လိုက်ပါတယ်။ လူအခွင့်အရေးလှုပ်ရှားသူတွေကတော့ ဘာသာရေးဆိုင်ရာ ကန့်သတ်မှုတွေ ရှိနေတဲ့သတင်းတွေ ရရှိနေကြာင်းနဲ့ အစိုးရအနေနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုသလို ကာကွယ်စောင့်ရှောက်ပေးဖို့လည်း လိုအပ်နေကြောင်း ထောက်ပြတာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် နှစ်ပတ်လည်အစီရင်ခံစာမှာ ဘာသာရေးဆိုင်ရာ လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေရှိတယ်လို့ ဖော်ပြထားပြီး အထူးသဖြင့် ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ တဘက်နိုင်ငံကို တိမ်းရှောင်သွားတာ နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးတက်လာတာတွေကို ိုထောက်ပြဝေဖန်ထားတာဖြစ်ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဝေဖန်မှုအပေါ် မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာရေးရာညွှန်ကြားရေးမှုး ဦးအောင်ဆန်းဝင်းက အခုလို တုံပြန်ပါတယ်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီးသားပါခင်ဗျ။ ဘာသာကြီး ၄မျိုးကိုလည်း ဝိသေသ ဂုဏ်ထူးအနေနဲ့ သတ်မှတ်ပြီးသားဖြစ်ပါတယ်ခင်ဗျ။ တိုင်းနဲ့ပြည်နယ် ၁၄ခု ၊ နေပြည်တော်ကောင်စီအပါအဝင် ၁၅ခုမှာ ပြည်နယ်တခုရဲ့ မြို့နယ် တခုကို ရေးတာသည် ကျနော်တို့က ကန့်ကွက်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိတဲ့ ရန်ကုန်မြို့ လယ်ကောင်ကြီးမှာ ဗုဒ္ဓဘာသာပြယုဂ်ဖြစ်တဲ့ ဆူးလေဘုရားရှိသလို ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ church ကျောင်းကြီး ရှိပါတယ်။ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ပလီရှိပါတယ်။ နောက်ကျနော်တို့ ဟိန္ဒူဘုရားကျောင်းရှိပါတယ်။ ဒါသည် ကမ္ဘာပေါ်မှာ ရှိတဲ့ မည်သည့်နိုင်ငံမှာမှ မရှိတဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို အပြည့်အဝပေးထားခြင်းဖြစ်တယ်ဆိုတာကို ကျနော် အသိပေးလိုပါတယ်။ သူတို့ရဲ့ဥစ္စာကို ကျနော် လုံး၀ ကန့်ကွက်ပါတယ်။ ”

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေအပေါ်မှာတော့ ဒါတွေဟာ ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ နိုင်ငံရေးအရသာဖြစ်ကြောင်းလည်း သာသနာရေးရာညွှန်ကြားရေးမှုး ဦးအောင်ဆန်းဝင်းက ဆက်လက်ပြောဆိုပါတယ်။

“ ဒါက ပဋိပက္ခဖြစ်စဉ်တခုပါဗျ။ ဘာသာရေးနဲ့ လုံး၀ ရောနှောလို့ မရပါဘူး။ ဘာသာရေးကိစ္စမဟုတ်ပါဘူး။ ပဋိပက္ခဖြစ်စဉ်တခုပါ။ ရခိုင်ကိစ္စကိုလည်း နိုင်ငံတော်က ကြေညာချက် ထုတ်ပြီးသားဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ၂နှစ်တာ ဟိုဟာမှာလည်း သတင်းထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ အဲဒီမှာ ကျနော် အထွေအထူးပြောစရာမရှိပါဘူး။ ဒါနိုင်ငံရေးဖြစ်စဉ်တခုပါခင်ဗျ။ ဘာသာရေးနဲ့ လုံး၀ မပတ်သက်ပါဘူး။ ”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အရင်က ချင်းနဲ့ ကချင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ၊လက်ဝါးကပ်တိုင် စိုက်ထူတာတွေကို ပိတ်ပင်ကန့်သတ်တဲ့သတင်းတွေ ရရှိခဲ့ကြောင်း ပြောဆိုပြီး ဒီနှစ်ပိုင်းတွေအတွင်းက အခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ အခုနောက်ပိုင်းမှာကတော့ အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူနည်းစုဘာသာဝင်တွေအပေါ်မှာ ပိုမိုပြီးတော့ ချိုးဖောက်မှုရှိတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတယ်ခင်ဗျ။ အထူးသဖြင့် ခရစ်ယာန်တွေရဲ့ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝတ်ပြုမှုကို တားဆီးတဲ့ ကြေညာချက်တွေ၊ နောက်တခါ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုမှုနဲ့ ဟောပြောမှုတွေကို ပိတ်ပင်တဲ့အရာတွေက နောက်ပိုင်းမှာ ပိုမိုပြီးတော့ ရှိလာတယ်။ အထူးသဖြင့် အစိုးရတင်မကဘဲနဲ့ တခြားသောဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေကနေ လူနည်းစု ဘာသာရေးအဆောက်အဦးတွေကို ဝင်ရောက်တားဆီးတာတွေ၊ ချိပ်ပိတ်တဲ့ လုပ်ဆောင်မှုတွေ ရှိလာခြင်းက ဘာသာရေးလွတ်လပ်ခွင့် ပိုမိုဆိုးဝါးလာတယ်လို့ တွက်ဆကြတာရှိပါတယ်။ အစီရင်ခံစာတွေမှာလည်း အဲဒါတွေကို အလေးထားရေးသားထားတာ တွေ့ရပါတယ်။ ”

ဒီလို ကန့်သတ်ပိတ်ပင်တာတွေကို အစိုးရက အကာအကွယ်ပေးဖို့အတွက်လည်း ဦးအောင်မျိုးမင်းက အခုလို ဆက်ပြောပါတယ်။

“ ဘာသာရေးကို ဒီလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာ အခြေခံကျတဲ့ အခွင့်အရေးတရပ်ဖြစ်ပါတယ်။ လူတယောက်ရဲ့ ယုံကြည်မှုကို ပိတ်ပင်တားဆီးလို့ မရသလို ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဟောပြောမှုတွေ၊ ဝတ်ပြုမှုတွေ၊ သီလဆောက်တည် တာတွေ၊ အခမ်းအနားကျင်းပတာကိုလည်း ဘာသာရေးရဲ့လွတ်လပ်ခွင့်အဖြစ် သတ်မှတ်ထားပါတယ်။ အစိုးရအနေနဲ့ ဒါတွေကို လေးစားပေးဖို့အတွက် အသိအမှတ်ပြုပေးဖို့အတွက် တာဝန်ရှိသလို ဘာသာတခုကနေ တခြားတခုအပေါ်မှာအနိုင်ကျင့်တာတွေ အကြမ်းဖက်တာတွေ မဖြစ်ဖို့အတွက် တားဆီးပေးဖို့ လိုအပ်တယ်။ အထူးသဖြင့် ဘာသာရေးကို အခြေခံပြီးတော့ မုန်းတီးမှုတွေဖြစ်ပေါ်အောင် လှုံဆော်တာတွေ အကြမ်းဖက်မှုဖြစ်အောင် ဟောပြောတာတွေ ဒါတွေ တားဆီးပေးဖို့ အစိုးရပိုင်းမှာ တာဝန်ရှိပါတယ်။ ”

အမေရိကန်အစိုးရက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာပြည်မှာ လူဦးရေ ၅၁သန်းရှိပြီး ဗုဒ္ဓဘာသာဝင်က ၈၈ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၆ရာခိုင်နှုန်းနဲ့ ဆွန်နီမူဆလင်အများစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ၄ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်လွှတ်တော်က ၁၉၉၈ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဥပဒေအရ မြန်မာနိုင်ငံကို ၁၉၉၉ ကစပြီး CPC ခေါ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်စရာနိုင်ငံအဖြစ် ဆက်တိုက် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG