သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာလူနည်းစုတွေအပေါ်နှိပ်ကွပ်မှုတိုးနေကြောင်း ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထောက်ပြ


ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback
ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ တိုးတက်မှုမမြင်ရသေးဘူးလို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။ လူနည်းစုဘာသာကိုးကွယ်သူတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ခုချိန်ထိရှိနေတယ်လို့ ယုံကြည်ကြောင်းနဲ့ အခုဆိုရင် ကချင်ပြည်နယ်ထဲမှာ နှိမ်နှင်းမှုတွေကို ၂ ဆတိုးလုပ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback ကပြောကြားပါတယ်။ အမေရိကန်အစိုးရရဲ့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ကချင်ပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုလည်း မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ကမ္ဘာတဝန်းက နိုင်ငံနဲ့ နယ်နမိတ်ပေါင်း ၂၀၀ က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေကို တင်ပြထားတဲ့ အမေရိကန်အစိုးရရဲ့ ၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် နှစ်ပတ်လည်အစီရင်ခံစာကို မေလ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ လူတိုင်းရဲ့ အခြေခံလွတ်လပ်ခွင့်တခုဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကိုမြှင့်တင်ဖို့ အမေရိကန်အစိုးရက သန္နိဋ္ဌာန်ချဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback ကလည်း နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဥပဒေကို အမေရိကန်မှာ ပြဌာန်းခဲ့တာ အနှစ် ၂၀ ရှိသွားချိန်မှာ တိုးတက်မှုတွေရှိလာခဲ့သလို မြန်မာနိုင်ငံအပါအဝင် ဆောင်ရွက်စရာတွေအများကြီးလိုသေးတဲ့နိုင်ငံတွေလည်း ရှိနေသေးတယ်လို့ အင်္ဂါနေ့က ခုလို ပြောကြားခဲ့ပါတယ်။

"ရိုဟင်ဂျာတွေရဲ့ အခြေအနနဲ့ အခု မြန်မာနိုင်ငံက ကချင်ပြည်နယ်အခြေအနေအပါအဝင် ပိုပြီးစိတ်ပျက်စရာအဖြစ်အပျက်တချို့ တကမ္ဘာတဝန်းမှာရှိနေတာကို ဝန်ကြီး Pompeo ထောက်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်က Bangladesh နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတချို့ဆီကို ကျွန်တော်သွားခဲ့ပါတယ်။ အခြေအနေဟာ အင်မတန်ဆိုးပါတယ်။ ဘာသာယုံကြည်ကိုးကွယ်မှုကြောင့် သူတို့ဆက်ပြီးပစ်မှတ်ထားခံနေရတဲ့အတွက် ကျွန်တော်တို့ပိုပြီးကူညီဖို့လိုပါတယ်။"

အမေရိကန်လွှတ်တော်က ၁၉၉၈ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဥပဒေအရ မြန်မာနိုင်ငံကို ၁၉၉၉ ကစလို့ CPC ခေါ် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်စရာနိုင်ငံအဖြစ် ဆက်တိုက် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို ထပ်ပြီး CPC စာရင်းသွင်းကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။ လူဦးရေ ၅၁ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာက ၈၈% ။ ခရစ်ယာန်က ၆% နဲ့ ဆူနီအများစုဖြစ်တဲ့ မွတ်ဆလင်ဘာသာဝင်တွေက ၄% ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံအရ လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့်ပြုထားပြီး အမုန်းတရားမပြန့်ပွားစေဖို့ ဥပဒေအရတားမြစ်ထားပေမဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေရှိတယ်လို့ ၂၀၁၇ ခုနှစ်အစီရင်စာမှာ ပြောထားပါတယ်။ လူနည်းစုဘာသာကိုးကွယ်သူတွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေရှိနေဆဲဖြစ်တယ်လို့လည်း သံအမတ်ကြီး Brownback က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ တွေ့ရတယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးဟောင်း Tilerson ကကြေညာခဲ့ပါတယ်။ အခုထက်ထိလည်း လူနည်းစုဘာသာ ကိုးကွယ်သူတွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"

၂၀၁၇ August လကစလို့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းလောက် Bangladesh ဖက်ကိုထွက်ပြေးခဲ့ကြပါတယ်။ အခုလည်း ခရစ်ယာန်ဘာသာကိုးကွယ်သူများတဲ့ ကချင်တိုင်းရင်းသားတွေအပေါ် တိုက်ခိုက်မှုတွေတိုးမြှင့်နေတာကို သူက ဥပမာပေးပြောကြားသွားခဲ့ပါတယ်။

"အခုဆိုရင် နိုင်ငံမြောက်ပိုင်းက ကချင်ဒေသမှာ တိုးမြှင့်ဆောင်ရွက်နေတာကို ကံမကောင်းစွာမြင်နေရပါတယ်။ လတ်တလောသီတင်းပတ်တွေထဲမှာပဲ အဲဒီမှာ ဒုက္ခသည်အရေအတွက် တိုးလာပါတယ်။ တိုင်းရင်းသား လူနည်းစုဘာသာကိုးကွယ်သူတွေကို သူတို့နိုင်ငံကနေ၊ သူတို့ပုံမှန်နေထိုင်နေတဲ့ နေရာတွေကနေ၊ ထွက်သွားအောင် တိုက်ပွဲတွေတိုးမြှင့်လုပ်နေပါတယ်။ ဒီကိစ္စအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှု အများကြီး လိုအပ်ပါလိမ့်မယ်။"

အခုနှစ် April လကစလို့ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒုက္ခသည်တွေ ထပ်တိုးလာခဲ့ပါတယ်။ ရိုဟင်ဂျာ သိန်းနဲ့ချီ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်သွားရလောက်တဲ့ အခြေအနေဖြစ်ခဲ့ပြီး အခုတခါ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်မှုမရှိသေးဘူလို့လည်း အမေရိကန်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Brownback ခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ကတော့ မြန်မာနိုင်ငံထဲမှာ အခြေအနေတိုးတက်လာတယ်လို့ မမြင်ရသေးပါဘူး။ အခုဆိုရင် အစိုးရက နိုင်ငံမြောက်ပိုင်းက ကချင်တွေအပေါ် ၂ ဆတိုးပြီးတောင် ဖိနှိပ်နေပါတယ်။ ဒုက္ခသည်အရေအတွက်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပိုတိုးနေပါတယ်။"

မြန်မာနိုင်ငံက အခြေအနေတွေကို ကိုယ်တိုင်သွားလေ့လာဖို့ကြိုးစားခဲ့ပေမဲ့ အစိုးရက သူ့ကို ပြည်ဝင်ခွင့် Visa မပေးခဲ့တာကိုလည်း သတင်းစာရှင်းပွဲမှာ ခုလိုပြောပြခဲ့ပါတယ်။

"မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ ပြဿနာအဆိုးဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားခွင့်ပြုဖို့ ကျွန်တော်ခွင့်တောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားနေရာတော်တော်များများမှာလည်း ပြဿနာတွေ အများကြီးရှိနေတာပါ။ ကျွန်တော်ရဲ့ခွင့်တောင်းချက် ငြင်းပယ်ခံရပါတယ်။ သူတို့က ကျွန်တော့်ကို ပြည်ဝင်ခွင့်တော့ ပေးကောင်းပေးမယ်။ ဒါပေမဲ့ တွေ့ဆုံမှုတွေ ခွင့်မပြုဘူး။ ကျွန်တော် သွားလေ့လာဖို့လိုတဲ့နေရာတွေကို သွားခွင့်မပေးပါဘူး။"

သံအမတ်ကြီး Brownback ဟာ April လတုန်းက Bangladesh နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကိုယ်တိုင်သွားတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ အဲဒီက ဒုက္ခသည်တွေ အခြေအနေတွေဟာ ဘယ်ကမှနဲ့ မတူအောင်ကို ဆိုးဝါးနေတာကို တေ့ွခဲ့ရတယ်လို့ဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ကျွန်တော်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ ကြောက်မယ်ဖွယ်အတွေ့အကြုံတွေက ကမ္ဘာတဝန်းကျွန်တော်တွေ့ဆုံခဲ့ဖူးတဲ့ ဘယ်ဒုက္ခသည်ရဲ့ အတေ့ွအကြုံနဲ့မှကို မတူပါဘူး။ Darfur နဲ့တခြားနေရာက ဒုက္ခသည်တွေထက်ဆိုးပါတယ်။"

ခုလိုမြန်မာနိုင်ငံအပါအဝင် ဘာသာရေးလွတ်လပ်ခွင့်တိုးတက်မှုမရှိသေးတဲ့နိုင်ငံတွေမှာ လူတိုင်းခံစားခွင့်ရှိတဲ့အခြေခံအခွင့်အရေးတွေကို ခံစားနိုင်ရေးတွန်းအားပေးဖို့အတွက် အမေရိကန်အစိုးရက ဇူလိုင်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့ကျရင် ဝန်ကြီးများအဆင့် ဘာသာရေးလွတ်လပ်ခွင့်ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနမှာ ဝန်ကြီး Mike Pompeo ဦးဆောင်ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ ဘယ်နိုင်ငံတွေကို ဖိတ်မယ်ဆိုတာကိုတော့ လောလောဆယ် အသိပေးခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ အမေရိကန်လို ဘာသာရေးလွတ်လပ်မှု တိုးတက်စေချင်တဲ့ နိုင်ငံတွေက အစိုးရတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ဘာသာရေးအသိုင်းအဝိုင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG