သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် McCain ဈာပန ဝါရင့်ခေါင်းဆောင်တွေ တက်ရောက်မည်


ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၈၁ နှစ်အရွယ် အမေရိကန် အထက်လွှတ်တော် အမတ် John McCain ကို နောက်ဆုံး အနေနဲ့ အောက်မေ့ ဂုဏ်ပြုတဲ့ အခမ်းအနားတွေထဲက တခုဖြစ်တဲ့ စနေနေ့ အောက်မေ့ဂုဏ်ပြုပွဲကိုတော့ နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေကြသူတွေရော၊ အရင်က တာဝန်ထမ်းဆောင်သူတွေရော လာရောက်ကြဖို့ ရှိနေပါတယ်။

ဝါရှင်တန် ဒီစီက National Cathedral မှာ ကျင်းပမယ့် အခမ်းအနားမှာတော့ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘရက်ခ် အိုဘားမားနဲ့ ဂျော့ချ်ဒဗလျူဘုရှ်တို့က ချီးကျူးဂုဏ်ပြုစကား ပြောကြမှာပါ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger နဲ့ အထက်လွှတ်တော်အမတ်ဟောင်း Joseph Lieberman တို့လည်း စကားပြောကြမှာပါ။ ဒုတိယ သမ္မတဟောင်း Joe Biden၊ ကာကွယ်ရေး ဝန်ကြီးဟောင်း William Cohen ၊ နယူးယောက် မြို့တော်ဝန်ဟောင်း Michael Bloomberg နဲ့ အထက်လွှတ်တော် အမတ်ဟောင်းတွေ ဖြစ်တဲ့ Gary Hart၊ Russ Feingold၊ Phil Gramm တို့က ကွယ်လွန်သူ John McCain ရဲ့ ခေါင်းတလားကို သယ်ဆောင်ကြမှာပါ။ အထက်လွှတ်တော် အမတ် John McCain ရဲ့ ရုပ်အလောင်းကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ မေရီလန်း ပြည်နယ် Annapolis က သူတက်ရောက်ခဲ့တဲ့ အမေရိကန် ရေတပ် အကယ်ဒမီမှာ မြှပ်နှံမှာ ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်မှာ အထက်လွှတ်တော် အမတ် ဖြစ်မလာခင်မှာ John McCain က ၁၉၈၃ ခုနှစ်မှာ ပြည်နယ် အောက်လွှတ်တော် အမတ် အဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့တဲ့ Arizona ပြည်နယ်မှာ သူ့အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို စတင်မှာ ဖြစ်ပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ Arizona ပြည်နယ် လွှတ်တော်မှာ သူ့ရဲ့ ရုပ်အလောင်းကို ထားရှိ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ် McCain ကွယ်လွန်ခဲ့ရမှု အပေါ် အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းကရော ကမ္ဘာ့ခေါင်းဆောင်တွေကပါ သူ့အကြောင်း အမှတ်ရဖွယ်တွေကို ပြန်လည် အောက်မေ့ ပြောဆိုနေကြပါတယ်။

ဒါပေမယ့် အမေရိကန် သမ္မတ Donald Trump ကတော့ John McCain ရဲ့ စစ်မှုထမ်းဘ၀ ဒါမှမဟုတ်လည်း နိုင်ငံရေး အရ ဆောင်ရွက်ခဲ့မှုတွေကို ရည်ရွယ်ပြောဆိုတာ မလုပ်ဘဲ McCain ကွယ်လွန်ရမှု အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းသာ ပြောခဲ့တာပါ။ John McCain ကို သူရဲကောင်း တဦးအဖြစ် ခေါ်ဆိုပြီး သူ့ဘ၀ ဖြတ်သန်းမှုတွေကို ချီးကျူးဂုဏ်တင်ထားတဲ့ ကြေညာချက် တစောင်ထုတ်ဖို့ သမ္မတ အိမ်ဖြူတော်က ပြင်ဆင်ခဲ့ပေမယ့်လည်း သမ္မတ Trump က ပယ်ချခဲ့တယ်လို့လည်း မနေ့ တနလာၤနေ့မှာ Washington Post သတင်းစာကြီးက ဖော်ပြပါတယ်။ ကွယ်လွန်သူ အထက်လွှတ်တော် အမတ် John McCain ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ သမ္မတ အိမ်ဖြူတော်မှာ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပေမယ့် မနေ့ တနလာၤနေ့မှာတော့ အလံကို ပြန်ပြီး အပြည့်တင်ခဲ့ပါတယ်။ ဒါပေမယ့် တနလာၤနေ့ နေ့ခင်းပိုင်းမှာတော့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ အလံကို တိုင်တဝက်ကို ပြန်ပြီး လျှော့ချ လွှင့်ထူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG