သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်မက်ကိန်းကို ဗီယက်နမ် ချီးကျူး


ကွယ်လွန်သူ အမေရိကန် အထက်လွှတ်တော်အမတ် John McCain ကို ဗီယက်နမ် အဖွဲ့အစည်း ၂၀၀ ကျော်က ကိုယ်စားလှယ် တွေနဲ့ တခြားလူပုဂ္ဂိုလ်တွေ ဟနွိုင်းမြို့တော်က အမေရိကန်သံရုံးကို ဒီသီတင်းပတ်အတွင်း သွားရောက် ဂုဏ်ပြု နှုတ်ဆက်ကြ တယ်လို့ ဗီယက်နမ်အစိုးရပိုင် VNA သတင်းဌာနနဲ့ Tin Tuc သတင်းဌာနတို့ရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလို သွားရောက် ဂုဏ်ပြု နှုတ်ဆက်ကြတဲ့ထဲမှာ ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်တွေ၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြင်ပဆက်ဆံရေးကော်မရှင်၊ ဝန်ကြီးဌာနတွေ၊ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ဗီယက်နမ်-အမေရိကန်အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ဗီယက်နမ်ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

မစ္စတာမက်ကိန်းဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်းက စစ်အကျဉ်းသားတဦးအဖြစ် ဟနွိုင်းမြို့တော်မှာ ငါးနှစ်ခွဲကြာ ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။

ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က “အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ ဗီယက်နမ်စစ်ပွဲရဲ့ စစ်မှုထမ်းဟောင်း လွှတ်တော်အမတ်မျိုးဆက်ကို အမှတ်သင်္ကေတပြုသူတဦးဖြစ်ပါတယ်။ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့နဲ့ ဗီယက်နမ်နဲ့ အမေရိကန်ကြား ပြီးပြည့်စုံတဲ့ မိတ်ဘက်ဆက်ဆံရေးဖြစ်အောင် ပြန်တည်ဆောက်ပြီး အားပေးမြှင့်တင်တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်” လို့ပြောပါတယ်။

အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုး ဘိုင်ဒန်ကလည်း ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ သူ့ရဲ့ မိတ်ဆွေဟောင်းကြီးဖြစ်တယ်လို့ ခေါ်ဆိုပြီး မစ္စတာမက်ကိန်းဟာ ဘယ်တော့မှ ဟောင်းနွမ်း ပျက်စီးမသွားတဲ့ ကြီးမြတ်တဲ့ဂုဏ်၊ ရဲစွမ်းသတ္တိ၊ တိုင်းပြည်တာဝန် ထမ်းရွက်မှုဆိုတဲ့ စံသတ်မှတ်ချက်တွေနဲ့ နေထိုင်သွားသူဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၈၁ နှစ်အရွယ်မှာ သြဂုတ်လ ၂၅ ရက်နေ့ကကွယ်လွန်သွားတဲ့ John McCain ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ပြင်ဆင်ထားရာ အရီဇိုးနားပြည်နယ်၊ ဖီးနစ်က်စ်မြို့က ပြည်နယ်လွှတ်တော် အဆောက်အဦးတွင်းမှာ ဒုသမ္မတဟောင်း ဘိုင်ဒန်က မစ္စတာမက်ကိန်းအတွက် အမှတ်တရ ဂုဏ်ပြုစကားကို ကြာသပတေးနေ့မှာ ပြောတာပါ။

မစ္စတာဘိုင်ဒန်ဟာ ဒီမိုကရက်ပါတီကဖြစ်ပြီး မစ္စတာမက်ကိန်းက ရီပတ်ဘလီကန်ပါတီက ဖြစ်ပေမဲ့လည်း သူတို့ကြား မတူကွဲပြား တဲ့ နိုင်ငံရေးအမြင်တွေကြားမှာပဲ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ဆောင်ခဲ့ကြတာနဲ့ မိတ်ဆွေရင်းတွေ ဖြစ်ခဲ့ကြတာကို မစ္စတာဘိုင်ဒန်က ပြန်ပြောင်းပြောဆိုပါတယ်။

“အမေရိကန်ရဲ့ အနှစ်သာရအပေါ်မှာ John ဟာ တကယ့်ကို လေးနက်ခိုင်မာစွာ ယုံကြည်သူဖြစ်တယ်၊ သူယုံကြည်တာက အမေရိကန်ဟာ ဘာမဆိုလုပ်နိုင်တယ်ဆိုတာပါပဲ” လို့လည်း မစ္စတာဘိုင်ဒန်ကပြောပါတယ်။

မစ္စတာဘိုင်ဒန်နဲ့ မစ္စတာမက်ကိန်းတို့ဟာ အထက်လွှတ်တော်အမတ်တွေအဖြစ် နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ဆောင်ခဲ့ကြ ပါတယ်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန်က ဒီမိုကရက် သမ္မတလောင်း ဘရာ့ခ် အိုဘားမားရဲ့ ဒုသမ္မတ လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပြီး မစ္စတာမက်ကိန်းက ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ခဲ့ကြပြီးတော့ မစ္စတာမက်ကိန်း အရေးနိမ့်သွားခဲ့ပါတယ်။

မစ္စတာမက်ကိန်းဟာ သူမကွယ်လွန်မီကတည်းက သူ့ရဲ့နာရေးအခမ်းအနားအတွက် ကိုယ်တိုင်စီစဉ်မှာကြားသွားတာဖြစ်ပြီး အရီဇိုးနားပြည်နယ် လွှတ်တော်တွင်းမှာ အမှတ်တရစကားပြောပေးဖို့ မစ္စတာဘိုင်ဒန်ကို ကိုယ်တိုင်ပန်ကြားထားတာဖြစ်သလို ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းကြီးအတွင်းမှာ စနေနေ့လုပ်မယ့် အမှတ်တရ အခမ်းအနားမှာတော့ သမ္မတဟောင်း အိုဘားမားနဲ့ ဘုရှ်တို့ အမှတ်တရစကားပြောပေးဖို့ မှာကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG