သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဝါရင့် အထက်လွှတ်တော်အမတ် John McCain ရဲ့ မြန်မာဒီမိုကရေစီရေး ကြိုးပမ်းမှု


အထက်လွှတ်တော်အမတ် John McCain မြန်မာနိုင်ငံကို လာရောက်စဉ် (၂၀၁၂-ဇန်နဝါရီလ)
အထက်လွှတ်တော်အမတ် John McCain မြန်မာနိုင်ငံကို လာရောက်စဉ် (၂၀၁၂-ဇန်နဝါရီလ)

ကွယ်လွန်သူ ဝါရင့် အမေရိကန်အထက်လွှတ်တော်အမတ် John McCain ဟာ အမှန်တရားအတွက် ဇွဲလုံ့လအပြည့်နဲ့ ရပ်တည် လုပ်ဆောင်သွားသူဖြစ်သလို မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက်လည်း စွမ်းစွမ်းတမံ ကူညီ ပံ့ပိုးပေးခဲ့သူဖြစ်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီအရေးမှာ John McCain ရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေအကြောင်း အမေရိကန်ရောက် မြန်မာတွေရဲ့ အမြင်တွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

John McCain အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ဆက်လက် ဝင်ရောက် လာနေဆဲဖြစ်ပြီး သူ့အတွက် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း သူ့ဘဝအတွက် အရေးပါတဲ့ မြို့ ၃ မြို့မှာ သီတင်း တပတ်ကြာ ကျင်းပသွားကြမှာ ဖြစ်ပါတယ်။ အဲဒီ မြို့တွေကတော့ သူလွှတ်တော်အမတ်တဦးအဖြစ် ကိုယ်စားပြုခဲ့တဲ့ Arizona ပြည်နယ်၊ Phoenix မြို့၊ လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ရင်း နေထိုင်ခဲ့တဲ့ ဝါရှင်တန် ဒီစီမြို့နဲ့ သူကျောင်းတက်ခဲ့တဲ့ ရေတပ်စစ်တက္ကသိုလ်ရှိရာ Maryland ပြည်နယ်မြို့တော် Annapolis မြို့တို့ ဖြစ်ပါတယ်။

John McCain ဟာ ၁၉၈၃ ခုနှစ်မှာ အောက်လွှတ်တော်အမတ်အဖြစ် စတင် ရွေးကောက်တင်မြောက်ခံရချိန်ကနေ ကွယ်လွန်တဲ့အချိန်အထိ အမှန်တရားအတွက် ရဲရဲဝံ့ဝံပ ရပ်တည် ဆောင်ရွက်ခဲ့သူအဖြစ် အမေရိကန် နိုင်ငံရေးလောကမှာ လေးစား ယုံကြည်ခံရသူ တဦးဖြစ်ပါတယ်။

မြန်မာအပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ စိတ်သုန်းနေတဲ့ တိုင်းပြည်တွေမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် သူတတ်နိုင်တဲ့အခန်းကဏ္ဍကနေ ကူညီ ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်လို့ SNLD ပါတီ ကိုယ်စားပြုပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရပြီး လက်ရှိ Arizona ပြည်နယ်၊ Phoenix ပြည်နယ်မှာ အခြေစိုက် နေထိုင်တဲ့ စိုင်းဝင်းဖေက ပြောပါတယ်။

"သူက တကယ့်အမေရိကန်နိုင်ငံရေးသမားစစ်စစ်လို့ ပြောလို့ရတာပေါ့ဗျာ ။ မှန်တယ်ထင်တဲ့ ကိစ္စကို သူမလျော့တမ်းလုပ်တယ်လို့ကျနော်မြင်ပါတယ်။ သူူ့ပါတီနဲ့လည်း ဆန့်ကျင်တာတွေကိုလုပ်ခဲ့သူလို့ ကျနော်တွေ့လိုက်ရပါတယ်။ အဲဒီတော့ လမ်းစဉ်တခုကို သူနားလည်တယ်၊ မှန်တယ်လို့ ယူဆတဲ့ လမ်းစဉ်တခုကို စွဲစွဲမြဲမြဲဆုပ်ကိုင်တဲ့နေရာမှာတော့ အားလုံးက လေးစားရတဲ့သူဖြစ်ပါတယ်။ အဲလိုပဲ မြန်မာနိုင်ငံရေး ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကို သူတကယ်ယုံကြည်တယ်။ သူယုံကြည်တဲ့အတိုင်း ဖြစ်မြောက်အောင်လုပ်ခဲ့တယ် သူ့အသက်အရွယ်နဲ့ အရှေ့တောင်အာရှနှိင်ငံ မြန်မာပြည်ရောက်အောင်သွားပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာတွေသွားလုပ်တယ်ဆိုကတည်းက သူက တကယ်ပဲ သူ့ရပ်တည်ချက် ခိုက်မြဲတဲ့ အကြောင်းကိုတွေ့ရတယ် အဲဒါအတွက်လည်း ကျေျန်ာတို့ ဂုဏ်ယူပါတယ်။ သူကွယ်လွန်သွားတဲ့အတွက်လည်း ကျနော့်စိတ်ထဲမှာ နှမြောမိပါတယ်။"

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ရဟန်းပျိုများသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ လက်ရှိ Arizona ပြည်နယ်၊ Phoenix မြို့မှာ အခြေစိုက် သီတင်း သုံးနေသူလည်း ဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကလည်း မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ထောက်ခံအားပေးတဲ့ ဥပဒေတွေ အမေရိကန် လွှတ်တော်မှာ ပြဌာန်းနိုင်အောင် John McCain က ဦးဆောင် လှုပ်ရှားခဲ့တဲ့အကြောင်း အခုလို ပြောပြပါတယ်။

"မြန်မာနိုင်ငံအတွက် သူတို့ အချက်၄ ချက် ချမှတ်တယ်။ နောက်ပါလီမန်ကိုတင်ပေးလိုက်တယ်။ ပါလီမန်မှာ သူတို့ ဒီအစိုးရက ဘာလုပ်သလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရသမျှ ကာလပတ်လုံး အမေရိကန်အစိုးရမှာတာဝန်ရှိတယ် ၊ တာဝန်ယူရမယ်ဆိုတာကို ပါလီမန်မှာ ဆုံးဖြတ်နိုင်အောင် ကျအောင်အထိ John McCain ပါတီက လုပ်သွားတယ်။ နောက်ပြီး သမ္မတကတော့ ၁၅ ရက်အတွင်းမှာ လက်မှတ်ထိုးအတည်ပြုခဲ့တယ်။ ဒါကလည်း မြန်မာနိုင်ငံမှာ ဦးပဉ္စင်းတို့ အာဏာရှင်တွေ နောက်ဆုတ်သွားအောင် ၊ ဒီမိုကရေစီ ပွင့်လန်းသွားအောင် အခွင့်အရေးတွေရလာအောင် တွန်းအားပေးခဲ့တာဆိုတာကတော့ John McCain အပါအဝင် ဦးပဉ္စင်းတို့ အများကြီးကျေးဇူးတင်စရာကောင်းတာပေါ့နော်။ ဒါကလည်း John McCain ရဲ့ ခြေရာလက်ရာတွေဖြစ်တယ်ပေါ့နော် မြန်မာနိုင်ငံကို တိုက်ရိုက်သွားပြီးတော့ ဒီလိုအရေးပါတဲ့ လူက သွားရောက်လေ့လာတယ် ၊ ပြည်သူတွေကိုအားပေးတယ်၊ သူ့နိုင်ငံမှာလည်း ဒီလိုအဆိုတွေ ကျလာအောင် ဖိအားတွေရလာအောင် ဆောင်ရွက်သွားတယ် Sanction တွေနဲ့ ပိတ်ခဲ့တယ် ၊ နောက်ပြီးတော့ ဂျပန်တို့ ၊ အင်္ဂလန်တို့ ထောက်ခံလာအောင်အထိလည်း အမေရိကန်အစိုးရအဆင့်ဆင့်က ကြိုးပမ်းသွားတာတွေ ဦးပဉ္စင်းတို့လည်း အဲဒီတုန်းက သူတို့နဲ့အတူပေါင်းလုပ်ရတာဆိုတော့ ပိုပြီးတော့ သိတာပေါ့။"

သူ့အနေနဲ့ John McCain နဲ့ လူချင်း မရင်းနှီးပေမယ့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို တစိုက်မတ်မတ် ထောက်ခံ အားပေးသူ ဖြစ်တာကြောင့် Phoenix မြို့မှာရှိတဲ့ သူ့ရုံးရှေ့မှာ ထောက်ခံကြောင်း ဆန္ဒပြဖော်ထုတ်ခဲ့ဘူးတယ်လို့ ဆရာတော် ဦးခေမာစာရက မိန့်ပါတယ်။

"ပြည်သူတွေကတော့ ထောက်ခံကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုလည်း ဂုဏ်ယူကြတာကို ။ ဦးပဉ္စင်းတို့ကတော့ လူချင်းမတွေ့ဖြစ်ပါဘူး သူ့ဆီကိုတော့ မြန်မာနိုင်ငံအကြောင်းတွေ စာပို့တယ်။ နောက်သူ့ရုံးမှာ သူ့ဓါတ်ပုံကိုင်ပြီးတော့ မြန်မာနိုင်ငံကို ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း ဆန္ဒပြကြတာပေါ့ လူ ၂၀၀ လောက်ရှိတယ်။ အမေရိကန်ကျောင်းသားတွေလည်း ပါတာပေါ့ သူမြန်မာနိုင်ငံသွားတာတွေလည်းရှိတယ်လေ။ သူ့ကိုလည်း ဒီနယ်မြေမှာ အမြဲတမ်းမဲဆွယ်တာပေါ့၊ မြန်မာနိုင်ငံကိုလည်း အထောက်အကူပြုတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ မြန်မာနိုင်ငံကိုလည်း စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ နောက်တော်တော်များများလည်းလုပ်ပေးခဲ့တာပေါ့ ထောက်ခံမှုတွေ ဒီအတွက် သူ့ရုံးမှာ လူ၂၀၀ လောက် ဆန္ဒပြတယ် Phoenix မြို့မှာပေါ့။"

John McCain ဟာ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းမှုအခြေအနေတွေကို ကိုယ်တိုင် လေ့လာခဲ့ပါတယ်။ အခက်အခဲ စိန်ခေါ်ချက်တွေနဲ့ ပြည့်နေတဲ့ မြန်မာနိုင်ငံရေးကို အားပေးခဲ့တဲ့အပြင်၊ လူမှုရေးပိုင်းမှာဆိုလည်း HIV ဝေဒနာရှင်တွေကို ကုသမှုပေးနေတဲ့ စင်တာတခုကိုလည်း သွားရောက်ခဲ့ပါတယ်။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာကော်မတီဥက္ကဋ္ဌအဖြစ် မစ္စတာ McCain တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်း NDAA ထဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူရေးနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းတရပ်ကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကိစ္စနဲ့ပတ်သက်လို့လည်း သတင်းပညာဆိုတာ ရာဇဝတ်မှု မဟုတ်ကြောင်း၊ လူမျိုးတုန်း ရှင်းလင်းဖယ်ရှားမှုကို ဖော်ထုတ်တဲ့ သတင်းထောက်တွေအပေါ် စွဲချက်တင်လိုက်တာဟာ နိုင်ငံရေးအရဖြစ်ပြီး တရားလွန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ Twitter လူမှုကွန်ယက်ကတဆင့် ရေးသားခဲ့ပါတယ်။

John McCain နဲ့ Tim Kaine လို ထင်ရှားတဲ့ အထက်လွှတ်တော်အမတ်တွေက ကမကထပြု ရေးဆွဲပြီး ဇန်နဝါရီလမှာ တင်သွင်းထားတဲ့ - မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးရန်ကင်းကင်း၊ ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် ရေရှည်နေနိုင်မယ့် အခြေအနေမျိုးနဲ့ နေရပ်ရင်းပြန်နိုင်အောင် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မတ်လမှာ အတည်ပြုခဲ့ပါတယ်။

John McCain ကွယ်လွန်သွားတဲ့အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း အသီးသီး တုန့်ပြန် ရေးသားကြတာမှာ - သူဟာ စစ်မှန်တဲ့ အမေရိကန်သူရဲကောင်းဖြစ်ကြောင်း ပြင်သစ် သမ္မတ Emmanuel Macron က ပြောကြားလိုက်ပြီး၊ ဗြိတိသျှ ဝန်ကြီးချုပ် Theresa May ကလည်း ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် ပေးဆပ်သူအဖြစ် စံပြ နေထိုင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

John McCain ဟာ ဗီယက်နမ်စစ်ပွဲအတွင်း စစ်သုဉ်းပန်းအဖြစ် နှစ်ကာလ ရှည်ကြာစွာ ဖမ်းဆီး ခံထားခဲ့ရပေမယ့် နှစ်နိုင်ငံအကြား စစ်ပွဲကြောင့် တည်ရှိနေတဲ့ ဒဏ်ရာတွေကို ကုစားနိုင်အောင် ဦးဆောင် ကျိုးပမ်းခဲ့သူ၊ ဗီယက်နမ်-အမေရိကန် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်အောင် ကျိုးပမ်းခဲ့သူဖြစ်တယ်လို့ Hanoi မြို့ အမေရိကန်သံရုံးက John McCain ကွယ်လွန်ခြင်း အထိမ်းအမှတ် ထားရှိတဲ့ ဧည့်မှတ်တမ်းမှာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ရေးသားခဲ့ပါတယ်။

John McCain ရဲ့ ရုပ်ကလပ်ကို အများပြည်သူ လာရောက် ဂါရဝပြုနိုင်အောင် Arizona ပြည်နယ်၊ Phoenix မြို့မှာရှိတဲ့ ပြည်နယ် လွှတ်တော်အဆောက်အဦးအတွင်း ဗုဒ္ဓဟူးနှေ့ကစပြီး ၂ ရက်ကြာ ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ သူ့ရဲ့ ရုပ်အလောင်းကို လွှတ်တော်အမတ်အဖြစ် ၃၂ နှစ်ကြာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရှင်တန် ဒီစီမြို့က လွှတ်တော် အဆောက်အဦး ဗဟိုခမ်းမအလယ်မှာ စနေနေ့အထိ ထားရှိမှာပါ။ ဝါရှင်တန် ဒီစီမြို့က National Cathedral မှာ ကျင်းပမယ့် သူ့အတွက် အောက်မေ့ဘွယ် အခမ်းအနားမှာတော့ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Barack Obama နဲ့ George W. Bush တို့က တက်ရောက် စကား ပြောကြားကြမှာ ဖြစ်ပါတယ်။

John McCain ရဲ့ ရုပ်ကလပ်ကိုတော့ Maryland ပြည်နယ် မြို့တော်၊ Annapolis က သူတက်ခဲ့တဲ့ ရေတပ် စစ်တက္ကသိုလ်မှာ လာမယ့် တနင်္ဂနွေနေ့ကျရင် မြေမြုပ် သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG