သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံးကချင်သင်းထောက် ၂ ဦး ဒေသခံတွေ ရှာဖွေဆဲ


ပျောက်ဆုံးနေတဲ့ ဦး ဒွမ်ဒေါ့ နောင်လတ် နှင့် ဦးလန်ဂျေန်ဂမ်ဆိုင်း (ဓါတ်ပုံ-ဒေါ်ခွန်ဂျာ)

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက မုံးကိုးတိုက်ပွဲ ကာလနဲ့တိုက်ပွဲ အလွန်ကာလတွေမှာ သတင်းမီဒီယာတွေကို ဖြေကြားကူညီခဲ့တဲ့ မုံးကိုးဘာသာရေး သင်းထောက်ဆရာ ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦး ဟာ ခရစ်စမတ်နေ့ မတိုင်ခင်နေ့ကနေ ဒီကနေ့အထိပျောက်ဆုံးနေခဲ့ပါတယ်။ ဒီသင်းထောက်ဆရာနှစ်ဦးကို မုံးကိုးအခြေစိုက် စစ်ဗျူဟာကုန်းကနေ ဆင့်ခေါ်ရာ ကနေပျောက်ဆုံးနေ တယ်လို့ ဒေသခံတွေ ကပြောဆိုနေပေမဲ့အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။ သတင်းမီဒီယာတွေကိုဖြေကြားကူညီခဲ့တဲ့ မုံးကိုးသင်းထောက်ဆရာနှစ်ဦး ပျောက်ဆုံးသွားတဲ့ကိစ္စရပ်အပေါ် BNI ခေါ် နိုင်ငံတကာမြန်မာ သတင်းအဖွဲ့အနေနဲ့ စိုးရိမ်မိသလို အခုလို ဖမ်းဆီးခြင်း လုပ်ရပ်အပေါ်ရှုတ်ချတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းးပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာဖြစ်ပွါးတဲ့ မုံးကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပက်သက်ပြီး သတင်းမီဒီယာတွေကိုကူညီခဲ့တဲ့ မုံကိုးမြို့ သင်းထောက်ဆရာဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦး ပျောက်ဆုံးနေတဲ့ အခြေအနေကိုတော့ ဒေသခံ တဦးဖြစ်တဲ့ ဦးမုန်ရာက အခုလိုပြောပါတယ်။

“ဒီ ဦးတီတီနောင်လတ်အိမ်မှာ အိမ်သန့်ရှင်းရေးလာလုပ်ပေးတဲ့လူတွေက ဗျူဟာက ခေါ်လို့ သူတို့ ထွက်သွားတယ်လို့ ကျနော်က အဲလိုမျိုးသတင်းရထားတာ။ စနေနေ့ညနေပိုင်း ၂၄ ရက်နေ့ကတည်းက အခုအချိန်အထိ အဆက်အသွယ်မရ ပြန်မပေါ်လာသေးဘူးပေါ့။ ဗျူဟာကလူတွေကို မေးကြည့်တော့ သူတို့ ပြန်ဖြေတာက အဲဒီမှာ မရှိဘူးပဲပြောနေတယ်။”

ဒေသတွင်းသတင်းရင်းမြစ်အရ ဘာသာရေးခေါင်းဆောင်နှစ်ဦးဟာ တပ်မတော် ဗျူဟာကုန်း အသွားမှာ ပျောက်ဆုံးသွားတာကြောင့် တပ်မတော်က ဖမ်းဆီးထား တယ်လို့သံသယဖြစ်နေပေမယ့် တိကျတဲ့သတင်းအချက်အလက်ရရှိဖို့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ ဒေသခံတွေက စုံစမ်းနေဆဲလို့ ဦးမုန်ရာ က ဆိုပါတယ်။

မုန်းကိုးသင်းထောက်ဆရာနှစ်ဦးဟာ ခရစ်စမတ်မတိုင်ခင် တညမှာပျောက်ဆုံး သွားခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာတွေဟာ မုန်းကိုးတိုက်ပွဲကာလနဲ့ တိုက်ပွဲ အလွန်ကာလတွေမှာ မုံးကိုးဒေသကိုသွား ရောက် ခဲ့ကြတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေကို ကူညီဆောင်ရွက် ပေးခဲ့ကြသူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ သတင်းထောက်တွေကို မုံးကိုးမြို့အနှံ့ လိုက်လံပြသခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ကအခြေအနေတွေနဲ့ ဘာကြောင့် ပျက်စီးခဲ့တယ် ဆိုတဲ့ အခြေအနေမှန်ကို ရှင်းလင်းပြောဆိုခဲ့သူတွေဖြစ်ပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့နဲ့ ဒီဇင်ဘာလဆန်းအထိဖြစ်ပွါးခဲ့တဲ့ မုံးကိုးဒေသတိုက်ပွဲ အခြေအနေမှန်ကို မီဒီယာကနေတဆင့် ပြောဆိုခဲ့တာ ကြောင့် အခုလိုထိန်းသိမ်းခံ ရတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဦးမုန်ရာက အခုလိုသုံးသပ်ထား ပါတယ်။

“ကျနော်တို့ဒေသအခြေအနေက မီဒီယာတွေမှာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လုပ်ကိုင်ခွင့် မရှိတဲ့အတွက် အဲလိုမျိုး လုပ်တာ အမှန်တရားကို ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဥပဒေစိုးမိုးမှုအလှမ်းမမှီတဲ့နေရာဖြစ်တဲ့ အတွက် သူတို့သိပ်ပြီးတော့ မလိုလားတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။”

ဦးဒွမ်ဒေါ့နောင်လတ်နဲ့ သင်းထောက်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦး ပျောက်ဆုံးနေမှု နဲ့ပက်သက်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးကိုဆက်သွယ်မေးမြန်းရာမှာ ရဲမှူးစိုးသန်းကအခုလိုပြောပါတယ်။

“ကျနော်တို့လည်း အဲဒီမှာ စုံစမ်းနေတယ်။ ကျနော်တို့ အဲဒီဘက်မှာရဲမရှိတော့ ဘာမှ မသိရသေးဘူး။ အဲဒီမှာ ရဲမရောက်သေးဘူး ကျနော်တို့ မထားရသေးဘူး။”

လက်ရှိမုံးကိုးမြို့အတွင်းမှာရဲတပ်ဖွဲ့တွေကိုမချထားနိုင်သေးတဲ့အခြေအနေတွေကြောင့် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ကနေ လူပျောက် မှုနဲ့ပက်သက်ပြီး စုံစမ်းနေဆဲ လို့ဆိုပါတယ်။

သတင်းမီဒီယာတွေကို ဖြေကြားကူညီခဲ့တဲ့ မုံးကိုးသင်းထောက် ဆရာနှစ်ဦး ပျောက်ဆုံးသွားတဲ့ ကိစ္စရပ်အပေါ် စိုးရိမ်မိသလို အခုလို ဖမ်းဆီးခြင်း လုပ်ရပ်အပေါ်ရှုတ်ချတယ်လို့ BNI ခေါ် နိုင်ငံတကာမြန်မာသတင်းဒါရိုက်တာလဲဖြစ် ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်လဲ ဖြစ်တဲ့စိုင်းမိန်းကအခုလိုပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ပြောင်းလဲလာတဲ့ကာလမှာ ဒီမိုကရေစီ အစိုးရစစ်လား မစစ်လားဆိုတာ ဒီသတင်းလွတ်လပ်ခွင့်အပေါ်မှာ ကြည့်ပါလို့ ပြောကြပါတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့ သတင်းထောက်တွေ အခုလို ဖိနှိပ်ချုပ်ချယ်ခံရတာတွေ၊ သတင်းထောက်တွေကို ပံ့ပိုးတဲ့ ပုဂ္ဂိုလ်တွေ မရူ့မလှပျောက်သွားတဲ့ ကိစ္စကတော့ လုံးဝမဖြစ်သင့်ဘူး။ ကျနော်တို့ BNI အနေနဲ့တော့ အထူးကိုစိတ်မကောင်းဘူး။ ဒီလိုဖြစ်ရပ်တွေကိုလည်း အထူးရှုတ်ချပါတယ်။”

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေဖြေလျော့လာပြီးဆိုပေမဲ့လဲ သတင်းအရင်းမြစ်နဲ့သတင်းထောက်တွေအတွက် လုံခြုံမှုဟာအားနည်းနေသေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၂)ရက်နေ့မှာလဲ သတင်းမီဒီယာတွေကိုဖြေကြားခဲ့တဲ့ ရခိုင်ပြည်နယ် ငခူရကျေးရွာက ရွာသား ရှုနာမျာဟာ အမည်မသိသူတွေကနေ သတ်ဖြတ်ခြင်းခံခဲ့ရသလို ဒီဇင်ဘာ(၁၃)ရက်နေ့မှာ ဒေသတွင်း အဖြစ်မှန်တွေကို သတင်းရေးသားခဲ့တဲ့ Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းဟာလဲလုပ်ကြံခြင်းခံခဲ့ရတဲ့ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသဘက် မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ် ပေါင်းစု(KIA၊ TNLA၊ MNDAA၊ AA) တို့ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် မုံးကိုးဒေသမှာ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့်သောင်းနဲ့ချီတဲ့ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲကာလအတွင်း လူနေအိမ်ခြေ စာသင်ကျောင်း ခရစ်ယာန်ဘုရားကျောင်းတွေ ပျက်စီးခဲ့ရပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲဖြစ်စဉ်နဲ့ ပျက်စီးမှုအခြေအနေမှန်ကို မီဒီယာကိုတင်ပြခဲ့တဲ့ သင်းထောက်ဆရာနှစ်ဦး ပျောက်ဆုံးနေမှုနဲ့ စပ်လျဉ်း ပြီး မုံးကိုးမြို့ဒေသခံတွေက စိုးရိမ်မှုတွေဖြစ်ပွါးနေပါတယ်။

XS
SM
MD
LG