သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲရလဒ် NLD ကန့်ကွက်မည်


မဲဆန္ဒရှင် မဲထည့်စဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)
မဲဆန္ဒရှင် မဲထည့်စဉ်။ (နိုဝင်ဘာ ၃၊ ၂၀၁၈)

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကန့်ကွက်သွားဖို့ရှိနေပါတယ်။ ကချင် ဒီမိုကရက်တစ်ပါတီကတော့ ပထမအဆင့်အနေနဲ့ ကြိုတင်မဲတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ တွေ့ရှိချက်တွေအပေါ်မူတည်ပြီးမှသာ ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်လာလ ၃ရက်နေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂အတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆီဟူဒွေ့ ကို ရွေးကောက်တင်မြှောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာပါ။

ဒီမဲဆန္ဒနယ် အမှတ်၂အတွက် ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး အငြင်းပွားတာတွေ ရှိနေခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက မဲရလဒ်ကို လက်ခံတဲ့ ဆန္ဒမဲစာရင်းပုံစံ ၁၉ကိုပါဝင်လက်မှတ်မရေးထိုးခဲ့ပါဘူး။

NLD ပါတီကတော့ ဆန္ဒမဲစာရင်းပုံစံ ၁၉ကိုပါဝင်လက်မှတ်ရေးထိုးဖို့ညွှန်ကြားထားပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂အတွက် ရွေးကောက်တင်မြှောက်တာကို ကန့်ကွက်သွားမှာဖြစ်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။

“ ကျနော်တို့က ရလဒ်ထွက်တာ နှေးမှာစိုးလို့ ကိုယ်စားလှယ်တွေကိုတော့ လက်မှတ်ထိုးပေးလိုက်လို့ ပြောထားတယ်။ လက်မှတ်ထိုးပြီးပေမယ့် ဆက်ကန့်ကွက်လို့ ရပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောတယ်ခင်ဗျ။ အဲတော့ ကျနော်တို့ လက်မှတ်လည်း ထိုးပေးမယ် ကန့်လည်း ကန့်ကွက်မယ်။ ”

ကန့်ကွက်ရတဲ့ အဓိကအချက်ကို အခုလို ဆက်ပြောပါတယ်။

“ ကန့်ကွက်တာမှာ အဓိကကတော့ ကြိုတင်မဲတွေကလေ ၂၀၁၅က အတိုင်းပဲ လုပ်ထားတယ်။ အဲတော့ ဒီမှာ ဒီလူတွေ တကယ်ရှိမရှိ မသေချာဘူး။ နောက်တခါ အချို့ကြိုတင်မဲတွေမှာ တာဝန်ခံရဲ့ လက်မှတ် မပါတဲ့ ကြိုတင်မဲတွေလည်း ပါလာတယ်။ အဲတော့ ကန့်ကွက်တာက အဲဒီအချက်တွေပေါ်မှာ မူတည်ပြီး ကန့်ကွက်မှာပါ။ ”

မဲရေတွက်မှုအစောပိုင်းမှာ ကချင်ဒီမိုကရက်တစ်ပါတီက အသာစီးရနေပြီး နောက်ပိုင်းကြိုတင်မဲတွေက အနှိုင်အရှုံးကို ဆုံးဖြတ်ခဲ့တာပါ။

ကချင်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင် အောင်ခမ်းက ကြိုတင်မဲတွေကို ပြန်လည်စီစစ်ဖို့ ပထမဆုံး ဆောင်ရွက်မယ်လို့ အခုလို ပြောပါတယ်။

“ကန့်ကွက်ဖို့ ဆိုတာထက် ပထမဆုံး ဒီဟာကို ပြန်သုံးသပ်ပြီးမှ အချက်အလက်တွေ ရှာဖွေဖို့ လုပ်မယ်လေ။ NLD ရော ကျနော်တို့ ပါတီတွေရော၊ အချက်အလက်မှာ မူတည်ပြီးမှ ကျနော်တို့ ဘယ်လိုဆက်လက်ပြီးတော့ သွားမလဲဆိုတာက ဥပဒေ အတိုင်ပင်ခံတွေနဲ့ ဆက်လက်ပြီးမှ အလုပ်လုပ်သွားဖို့ပါပဲ။ ”

ပြန်လည်စိစစ်ဖို့ဆောင်ရွက်ရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ အနေနဲ့တော့ ဒီမိုကရေစီနိုင်ငံတခုဟာ လွတ်လပ်ပြီး တရားမျှတမှုရှိရမယ်။ မဲတွေလည်း လွတ်လွတ်လပ်လပ်ပေးပိုင်ခွင့်ရှိရမယ်။ ဒါမျိုးတွေကြောင့်ပါ။ ကျနော်တို့ပါတီကို မကြိုက်လို့ ၊ အနိုင်ရတာကို မကြိုက်လို့ ပြောနေခြင်း မဟုတ်ပါဘူး။ အဓိကကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အချိန်မှာလည်း လွတ်လပ်မှုက အလွန်တရာမှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီဟာကို တင်ပြခြင်းဖြစ်ပါတယ်။”

မြစ်ကြီးနားကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံ ၁၁၄ရုံရှိပြီး တပ်မတေ်ာမဲရုံ၂ရုံက ရရှိတဲ့ကြိုတင်မဲအားလုံးနီးပါးဟာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံထားတာဖြစ်ပါတယ်။

စောင့်ကြည့်လေ့လာရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အဖွဲ့ က အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကတော့ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲရယူတာနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်တာမရှိကြောင်း ထောက်ပြပြီး လက်ရှိ ရွေးကောက်ပွဲအပေါ် အခုလို သုံးသပ်ပါတယ်။

“၂၀၁၇တုံးက အဲဒါကို ကြေညာတယ်။ ဘယ်မှာတော့ ကြိုတင်မဲတွေကို ဘယ်နေ့အတွင်းမှာလုပ်မယ် လာကြည့်ကြပါဆို ကြေညာတာရှိတယ်။ ၁၈မှာတော့ အဲဒါမျိုးတွေကို ကျနော်တို့ မတွေ့ရဘူး။ ဒါကတော့ ၁၇နဲ့ ၁၈ကွာဟချက်။ ပထမအချက်ကတော့ဗျာ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ၊ မဲဆန္ဒနယ်အတွင်းကြိုတင်မဲတွေကို ဘယ်တော့ လုပ်မယ်ဆိုတာကို စောစောစီးစီးကြေညာဖို့ လိုတယ်။ အဲဒါပြီးတော့မှ စောင့်ကြည့်လေ့လာခွင့်ပြုဖို့ လိုတယ်။ နောက်တခုကတော့ regulation တွေ ပြန်သုံးသပ်ရမယ်။ လုပ်ထုံးလုပ်နည်းတွေက နည်းနည်းရှုပ်ထွေးတယ် အဲဒါတွေကို ကျနော်တို့ ဒီထက်ပိုပြီး ရှင်းလင်းအောင်လုပ်ဖို့လိုတယ်။ အကြမ်းဖျဉ်း ကျနော်တို့သုံးသပ်ချက်ပါ။ ”

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သူတို့စောင့်ကြည့် လေ့လာခဲ့တဲ့မဲရုံတွေမှာ သူတို့စောင့်ကြည့်လေ့လာနေစဉ်ကာလအတွင်းပုံမှန် မဟုတ်တဲ့ အနေအထား တစ်စုံတစ်ရာ မတွေ့ရကြောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် အတတ်နိုင်ဆုံးလိုက်လျောညီထွေစွာကျင်းပဆောင်ရွက်သည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ဟာ လစ်လပ်မဲဆန္ဒနယ် ၁၃နေရာက ၆နေရာမှာ စောင့်ကြည့်ခဲ့ပြီး အဲဒီအထဲမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်လည်း ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG