သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားပါတီတွေအလားအလာ


Visitors ride boats next to blooming cherry blossoms at Chidorigafuchi Park in Tokyo, Japan.
Visitors ride boats next to blooming cherry blossoms at Chidorigafuchi Park in Tokyo, Japan.

၂၀၁၅ ခုနှစ်နောက်ပိုင်းလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ တိုင်းရင်းသားပါတီတွေ ပိုပြီး အားကောင်းလာတာသဘောရှိနေပါတယ်။ ဒါကြောင့်လည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ ပြည်နယ်မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ တိုင်းရင်းသားပါတီတွေ ပြင်ဆင်လာကြသလို၊ နိုင်ငံရေးပါတီကြီးတွေဖက်ကလည်း အစိုးရဖွဲ့နိုင်ဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ညှိုနှိုင်းဆောင်ရွက်ရမယ့် အနေအထားမျိုးဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးမှာ လူမျိုးစုတိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ပိုပြီး နေရာရလာတာနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက်ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အာဏာရ NLD ပါတီအနေနဲ့ ၂၀၁၅ နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲ နှစ်ခုလုံး ပြည်နယ်မဲဆန္ဒနယ်တွေမှာ ရလဒ်မကောင်းခဲ့တာကြောင့်

ရော၊ NLD နဲ့ တိုင်းရင်းသားပါတီတွေ ဆက်ဆံရေး ပြေပြေပြစ်ပြစ်မရှိတာတွေကြောင့်ပါ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာတော့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ NLD ပါတီအခက်ကြုံနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ယူဆထားကြတာပါ။ တချိန်တည်းမှာလည်းပဲ ပြည်နယ်တွင်းရှိတဲ့ လူမျိုးစုပါတီတွေအကြား တပါတီတည်းဖြစ်ဖို့ ညှိုနှိုင်းမှုတွေ ပေါင်းစည်းမှုတွေလုပ်လာကြတာဟာလည်း တိုင်းရင်းသားပါတီတွေ အားကောင်းချက်ဖြစ်လာပါတယ်။

ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ပါဝင်မှုအချိုးအစားများလာမှ ဖက်ဒရယ်စနစ်ကို သွားနိုင်လိမ့်မယ်လို့တိုင်းရင်းသား ပါတီတွေက ယုံကြည်ထားကြပါတယ်။ ပါတီကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ကနေလွတ်ကင်းမှ ဗဟိုချုပ်ကိုင်မှုအားနည်းလာပြီး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တိုင်းရင်းသားတွေရဲ့ပြောရေးဆိုခွင့် တွေပိုပြီးအားကောင်းလာနိုင်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ပြောပါတယ်။

“အခုတိုင်းရင်းသားတွေပေါင်းတယ်ဆိုတာက အဓိကက ကျွန်တော်တို့နိုင်ငံရေးစနစ်အပေါ်မှာ အခြေခံပြီး ပေါင်းကြတာ။ ပါတီရဲ့ပေါ်လစီနဲ့ပဲ ဗဟိုကထိန်းချုပ်ပြီးလုပ်တယ်။ အဲဒါကပွင့်ပွင့်လင်းလင်းပြောရင် centralization ပဲ။ Centralization ကိုအားပြုနေတဲ့ နိုင်ငံရေးစနစ်ကို ကျွန်တော်တို့က Decentralizationကို အားပြုတဲ့နိုင်ငံရေးစနစ်ကိုသွားဖို့ လိုတယ်။ အဲလိုလုပ်ဖို့ဆိုရင် ခုနကကျွန်တော်ပြောသလိုပဲ တိုင်းရင်းသားတွေရဲ့ပါတီပေါ့ ဗဟို ပြည်မပါတီရဲ့ ထိန်းချုပ်မှုလွတ်ကင်းတဲ့ ပါတီတွေရဲ့အောင်နိုင်မှုကအရေးကြီးတယ်။ ဘာလဲဆိုတော့ ရှင်းရှင်းလင်းလင်းမြင်သွားတာက NLD ပြည်နယ်တွေမှာ ၂၀၁၅ တုန်းကနိုင်တယ်ဆိုတာ တိုင်းရင်းသားမဲနဲ့ NLD အမာခံနဲ့ပေါင်းမှ နိုင်တာပါ USDPကို ဘာကြောင့်လဲဆိုတော့ USDPက အမာခံမဲ ပရိတ်သတ်ရှိပြီးသား။ အဲဒီမဲပေးနိုင်တဲ့အရေအတွက်က မပြောင်းဘူး သူက Fixed ပဲ။ ဒီဘက်မှကျတော့ စုပေါင်းအင်အားနဲ့တည်ဆောက်ထားတာ အဲဒါနဲ့အပြိုင်သူက Landslide နိုင်တာ။ အဲဒါကိုအခု ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေရဲ့ အယူအဆပြောင်းသွားပြီ ဖက်ဒရယ်လစ်ဇင်အတွက်။ နောက် pre-federalism စနစ်ကိုသွားဖို့ အတွက် ကျွန်တော်တို့ sharing လုပ်ဖို့လိုတယ်ဆိုပြီး ခွဲထွက်ပြီးတော့မှ ကိုယ့်အချင်းချင်းပြိုင်သလိုဖြစ်တဲ့အချိန်မှာ NLDက မနိုင်လောက်ဘူး။ ဒါရှင်းရှင်းလေးရယ်။ အဲဒီတော့ NLD မြင်ရမှာ ဘာမြင်ရမလဲဆိုတော့ တိုင်းရင်းသားနဲ့ Alliance မလုပ်ဘဲနဲ့ USDPကို မနိုင်ဘူးဆိုတဲ့ အဖြေထွက်သွားပြီ ဒါကျွန်တော့်အမြင်။ အဲဒီတော့ NLD လျှောက်လှမ်းရမှာ တိုင်းရင်းသားတွေနဲ့ conciliation မလုပ်ဘဲ ဘယ်တော့မှ ဒီအာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်ဘူး။ အလေးမထားဘဲ ဆက်သွားမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၀မှာ USDP ပြန်အားကောင်းလာလိမ့်မယ်။ အဲဒီတော့ National Conciliation ရဲ့ပေါ်လစီကိုပြန်သုံးသပ်ပါလို့ အကြံပေးချင်တယ် NLDကို”

၂၀၁၅ ပါတီစုံရွေးကောက်ပွဲကြီးမှာ NLD ဟာ တိုင်းရင်းသားလူမျိုးစုတွေများတဲ့ ပြည်နယ်တွေမှာပါ အနိုင်ရခဲ့ပေမဲ့ အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်မဲဆန္ဒနယ်တွေမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် NLD အနေနဲ့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာ တိုင်းရင်းသားတွေနဲ့ သဘောထားညီညွတ်မှုရဖို့ကိုလည်း အလေးထားဆောင်ရွက်နေတယ်လို့ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အခုလိုပြောပါတယ်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့ဖြစ်အောင်သွားနေတာပါ။ အဲဒီတော့ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ လက်တွေ့အရဆိုရင် ကျွန်တော်တို့အဓိကပြိုင်ဘက်ပါတီတွေက လွှတ်တော်တစ်နေရာနိုင်ရင် ကျွန်တော်တို့ကသုံးနေရာနိုင် ရမယ့် လိုအပ်ချက်ရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့က နေရာတိုင်းလိုလိုမှာဝင်ပြိုင်နေရတာဖြစ်ပါတယ်။ အဲဒီတော့တိုင်းရင်းသား ပါတီတွေအနေနဲ့ပူးပေါင်းလာမယ် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှေ့လမ်းစဉ်မှာ သဘောထားချင်းညီညွှတ်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ဒါတွေဟာ မဟာမိတ်သဘောမျိုးဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အနိုင်ရရေး ရည်ရွယ်ချက်နဲ့တစ်ခုတည်းနဲ့တော့ မဲဆန္ဒနယ်မြေများအပေးအယူလုပ်ခြင်းကို ညှိနှိုင်းတာတော့ ကျွန်တော်တို့လုပ်မှာမဟုတ်ပါဘူး။ အရေးအကြီးဆုံးက ရှေ့လာမယ့် နိုင်ငံရေးလမ်းစဉ်နဲ့ မူဝါဒတွေကို အသေအချာညှိနှိုင်းသဘောတူပြီးမှ ဒါတွေဟာဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိအားဖြင့် ပြည်နယ်မဲဆန္ဒနယ်တွေကြည့်ရင် ရခိုင်ပြည်နယ်မှာရော ရှမ်းပြည်နယ်မှာပါ ပြည်နယ်လူမျိုးစုအခြေပြု တိုင်းရင်းသားပါတီတွေက အားကောင်းနေပါတယ်။ မွန်ပြည်နယ်မှာတော့ မွန်ပါတီသုံးပေါင်းပေါင်းစည်းထားပြီး၊ တပါတီတည်းအဖြစ် ရွေးကောက်ပွဲကော်မရှင်ကို အခု နိုဝင်ဘာလထဲမှာ မှတ်ပုံတင်ဖို့ ရှိနေပါတယ်။ ကချင်မှာဆိုလည်း KSP အမည်န့ ကချင်ပါတီလေးခု ပူးပေါင်းလိုက်ပါတယ်။ ချင်းပါတီသုံးခုလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာမည်နဲ့ ပူးပေါင်းထားသလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ ရခိုင်မျိုးချစ်ပါတီ APP ကလည်း မကြာသေးခင်က ပူးပေါင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG