သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် အင်ဂျားယန်ဒေသ KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား


KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)

[Zawgyi/Unicode]

ကချင်ပြည်နယ် အင်ဂျားယန်မြို့နယ်ထဲမှာ KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲလို့ ဒေသခံတွေကပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်းတိုက်ပွဲကြောင့် မြစ်ဆုံစစ်ရှောင်စခန်းကို တိမ်းရှောင်ရောက်ရှိနေတဲ့ အင်ဂျားယန်ဒေသခံရွာသားတွေဟာ မြစ်ကြီးနားမြို့ စစ်ရှောင်စခန်းကို ပြောင်းရွှေ့ရောက်ရှိပြီးလို့လည်း ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် အင်ဂျားယန်မြို့နယ်ဘက်မှာ ဒီကနေ့မှာလည်း မြန်မာစစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွါးနေဆဲလို့ တိုက်ပွဲဖြစ်ပွါးရာ ဂွေထူရွာသားတဦးကပြောပါတယ်။

“ဒီမနက်နဲ့ ညဆိုရင်လည်း အသံတွေကြားရတယ်။”

အခုတိုက်ပွဲဖြစ်ပွါးတဲ့နေရာဟာ အင်ဂျားယန်မြို့နယ် KIA တပ်ရင်း ၄ ဒေသဖြစ်ပြီး ရက်ဆက်ဆိုသလို နှစ်ဘက်တိုက်ပွဲ ဖြစ်ပွါးနေတာပါ။

အင်ဂျားယန်မြို့နယ်ဘက် တိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ကျနော်တို့ ရထားတာကတော့ မနေ့က မြစ်ဆုံရဲ့အရှေ့ဘက်ခြမ်းဘက်မှာ ကျနော်တို့ KIA ရဲ့ တပ်ရင်း ၄ နယ် မြေဘက်မှာ တိုက်ပွဲဖြစ်နေပါတယ်။ မြို့နယ်နဲ့ ပြောမယ်ဆိုရင်တော့ အင်ဂျားယန်မြို့နယ်ကျပါတယ်။ အဲဒီမှာ တပ်မတော်စခန်း တခုရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်ပါတယ်။”

ဒီတိုက်ပွဲအတွင်းနှစ်ဘက်ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ကတိုက်ပွဲဖြစ်စဉ်အတွင်း အင်ဂျားယန်မြို့နယ်က ဂွေထောင်၊ တန်ဘောင်ယန်၊ ပစီဇွပ်နဲ့ ဆနီတူ ယန်ကျေးရွာစစ်ရှောင်ရွာသား ရာကျော်ဟာ မြစ်ကြီးနားမြို့နယ်က တန်ဖဲ စစ်ရှောင်စခန်းကိုတိမ်းရှောင်လာခဲ့ကြပါတယ်။

ဒီစစ်ရှောင်တွေထဲက တချို့ဟာ တန်ဖဲစခန်းကနေ ပလနစစ်ရှောင်စခန်းကို ရောက်ရှိနေပြီးလို့ စစ်ရှောင်ဂွေထူ ရွာသားက ဆက်ပြောပါတယ်။

“တန်ဖဲမှာတော့ ရောက်နေတာလည်း ရှိပါတယ်။ အခုတော့ ၁၀၀ ကျော်လောက်ကတော့ ဒီတန်ဖဲကနေ အရင်က ပလန စစ်ရှောင် Camp ပေါ့။ အဲဒီမှာရောက်ခဲ့ပြီး။ မနေ့ည ၈ နာရီခွဲလောက်မှာ။”

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် မနက်အစောပိုင်းမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးက စစ်တပ်စခန်းနဲ့ ရဲစခန်းကို KIA ကချင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ တိုက်တာ မဟုတ်ဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကဆိုပါတယ်။

“ကျနော်တို့ KIO အနေနဲ့လည်း မြို့ပေါ်မှာ နောက်ပြီးတော့ ပြည်သူလူထုရှိတဲ့ ရွာတွေမှာတပ်စခန်းတွေကို ဝင်စီးတာမျိုးတို့၊ ဝင်တိုက်တာမျိုးတို့ မလုပ်ဖို့ ကျနော်တို့ ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့တိုက်ပွဲတွေက ရှေ့တန်းသမားတွေက ရှေ့တန်းက တပ်မှူးတွေ အခုလိုမျိုး တုံ့ပြန်တဲ့သဘောနဲ့ တုံ့ပြန်တဲ့ အနေအထားနဲ့ တိုက်ပွဲ ဆင်နွှဲတာရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေပြု တအာင်းပလောင်တပ်ဖွဲ့TNLA ကတော့ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွါးတာ မရှိခဲ့ဘူးလို့ အဖွဲ့ပြောခွင့်ရဗိုလ်မှူးတာအိုက်ကျော်ကဆိုပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် တအာင်းပလောင်တပ်ဖွဲ့TNLA တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSA ကိုးကန့်တပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း CRPH ခေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့မှ ဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်ကြောင်း ဒီနေ့မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တအာင်းပလောင်တပ်ဖွဲ့TNLA အဖွဲ့က CRPH ရဲ့ ထုတ်ပြန်ချက်အပေါ် သဘောထားမှတ်ချက်မပေးလိုကြောင်း TNLA အဖွဲ့ပြောခွင့်ရဗိုလ်မှူးတာအိုက်ကျော်က ဆိုပါတယ်။

“ကျနော်တို့အထဲကလည်း ဘာမှ မချပြသေးဘူး။ လောလောဆယ်တော့ ဒီဟာကိစ္စကို မှတ်ချက်ပေးဖို့တော့ မရှိသေးဘူး။”

အလားတူ CRPH ရဲ့ထုတ်ပြန်ချက်အပေါ် KIO အနေနဲ့ ဘာမှသဘောထားမှတ်ချက်ပေးတာမရှိဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ NLD ပါတီထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။

ကျန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိမ်းရှောင်လွတ်မြောက်သူတွေအထဲက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကိစ္စတွေအပြင် နောက်ပိုင်း တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်လာခဲ့ပါတယ်။

မြန်မာအစိုးရကနေ အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖွဲ့လို့ ကြေညာခဲ့တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကိုတော့ စစ်အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ကြောင်း ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



















“ကနြောျတို့အထဲကလညျး ဘာမှ မခပြွသေးဘူး။ လောလောဆယျတော့ ဒီဟာကိစ်စကို မှတျခကြျပေးဖို့တော့ မရှိသေးဘူး။”





XS
SM
MD
LG