သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးကောင်းက တပ်စခန်းတစ်ခု KIA တိုက်ခိုက်


KIA Kachin Soldiers
KIA Kachin Soldiers

{{Zawgyi/Unicode}}

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က တပ်မတော်တပ်စခန်းတစ်ခုကို KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့က ဒီကနေ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ လူနေရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ်တချို့ အပါအဝင် အနည်းဆုံး လူ ၄ယောက် ထိခိုက်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲဟာ မိုးကောင်းမြို့နယ် မိုးကောင်းနဲ့ ကားမိုင်းအကြား နမ့်ရှန်ခေါ် နမ့်ဟိုင်ရွာအနီးက တပ်မတော် တပ်စခန်းကို KIA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး VOA ကို အခုလို ပြောပါတယ်။

“ မိုးကောင်းနဲ့ ကားမိုင်းကြားက နမ့်ရှန်၊ နမ့်ရှန်ဆိုတဲ့ ကချင်ရွာရှိတယ်။ အစိုးရဘက်ကနဲ့ Micro Wave တိုင်ပေါ့။ Micro Wave Tower ရှိတယ်။ အဲဒီမှာ တပ်မတော်ရဲ့ Post မှာ ဖြစ်တယ်လို့ ကြားတယ်။ ကျနော်တို့ KIA ဘက်ကတော့ တပ်ရင်း ၄၄နဲ့ ဖြစ်တယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တဲ့ သိပ်မကြာတဲ့အချိန်မှာ ဒီ မပခနဲ့ Gunship တွေ လာပစ်တယ်ဆိုလည်း ကြားပါတယ်။ တပ်ပိုင်းဆိုင်ရာ စစ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ကတော့ မရဘူး။ ဒီ လိုင်းပေါ်က သတင်းလောက်ပဲ ရပါတယ်။”

တိုက်ပွဲဖြစ်ချိန်မှာ တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အရပ်သားတချို့ ထိခိုက်ခဲ့ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ ဒီမနက် တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဒီ တပ်မတော်ဘက်ကနေပြီး လက်နက်ကြီးနဲ့ ပြန် ရမ်းပစ်တဲ့အခါကျ ရွာထဲမှာ ပြန်ကျတာ။ ရွာထဲမှာကျတော့ ရွာသူ ရွာသားပေ့ါ။ ရွာထဲက လူတွေကို ထိခိုက်တာ။ ၃ယောက်လားမသိဘူးထိခိုက်တာရှိတယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူးပေါ့။”

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ အောက်ခြေက တင်ပြလာတာမရှိသေးဘူးလို့လည်း ပြောပါတယ်။

ကြာသပတေးနေ့က ဖားကန့် တိုက်ပွဲနဲ့ လက်ရှိ တိုက်ပွဲအခြေအနကို တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ကားမိုင်းဒေသခံတစ်ဦးကတော့ တပ်မတော်က တိုက်ပွဲဖြစ်ပွားရာနဲ့ ၁၀မိုင်အကွာလောက်မှာရှိတဲ့ ကားမိုင်းဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ပြောပါတယ်။

“နမ့်ဟိုင်လို့ ခေါ်တယ်။ ဗမာလိုကနမ့်ဟိုင်။ ကချင်လိုက နမ့်ရှန်လို့ ခေါ်တယ်။ အဲဒီမှာ ဖြစ်တာ။ အဲဒီမှာ ဖြစ်နေတဲ့အချိန်မှာ ဒီကားမိုင်းဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာပေါ့နော။ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ ဗျူဟာကုန်းက ၁၀မိုင်လောက် ဝေးတယ်။ ကားမိုင်းဗျူဟာကုန်းကနေပြီးမှ ကားမိုင်းမြို့မ ရပ်ကွက် ၄ ဘက်ကို လက်နက်ကြီးနဲ့ ၆ခါ ပစ်တယ်။ အဲဒီမှာ မဆီမဆိုင် ၅ယောက် ဒဏ်ရာ ရသွားတယ်။ ကလေး ၂ယောက်ပါတယ်။ တိုက်ပွဲကတော့ ဒီမနက် ၃နာရီနဲ့ ၄နာရီကြားမှာ ဖြစ်တာ။ ကားမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခဲ့တာက မနက် ၇နာရီမှာ ဖြစ်တယ်။ ”

၁၀နှစ်အရွယ်တစ်ယောက်က ခေါင်းကို ထိခဲ့ပြီး ၁၃နှစ်အရွယ်တစ်ယောက်က လည်ပင်းထိခဲ့ကြောင်းနဲ့ ကျန်သူတွေထိခိုက်တာတော့ အသေးစိတ်မသိရကြောင်းပြောပါတယ်။

အခြားဒေသခံတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသူတွေဟာ စိုးရိမ်ရတဲ့ အခြေအနေမရှိကြောင်း ပြောပါတယ်။

ကြာသပတေးနေ့ကလည်း ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးက တပ်စခန်းနဲ့ ရဲစခန်းကို KIA က ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့သလို နောက်ပိုင်းမှာ အစိုးရဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ ပြန်လည် တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲကတော့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒုတိယတိုက်ပွဲဖြစ်သလို လက်ရှိဖြစ်တဲ့တိုက်ပွဲတွေဟာ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲမှာ အရပ်သား ၂ဦး ပစ်သတ်ခံရတာနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေက သုံးသပ်နေကြတာပါ။

KIA ဘက်ကတော့ ဒီတိုက်ပွဲတွေဟာ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ ဖြစ်တာမဟုတ်ကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ဘက်မှာ တပ်မတော်က ထိုးစစ်ဆင်တာကြောင့် သက်ဆိုင်ရာ တပ်မှုးတွေက တိုက်ခိုက်တာဖြစ်နိုင်ကြောင်း တုံပြန်ထားပါတယ်။

KIA အဖွဲ့ဟာ အစိုးရနဲ့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ခုနှစ်လောက်ကစပြီး တိုက်ပွဲကြီးတွေ မဖြစ်ပွားဘဲ ငြိမ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။

................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

















XS
SM
MD
LG