သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဘက်က စစ်တပ်နဲ့ ရဲစခန်း KIA တပ်ရင်း ဝင်တိုက်


ကချင်ပြည်နယ်တွင်း တနေရာမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)
ကချင်ပြည်နယ်တွင်း တနေရာမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)

[Zawgyi/Unicode]

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးက စစ်တပ်စခန်းနဲ့ ရဲစခန်းကို ဒီကနေ့ မနက်အစောပိုင်းမှာ KIA ကချင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ ဒါဟာ KIA ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ တိုက်တာမဟုတ်ဘူးလို့ KIA က ငြင်းပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲတာမလုပ်ဖို့ KIA ဘက်က ပြောထားပြီးတဲ့နောက် အခုလို နယ်မြေခံ KIA တပ်ရင်းက စစ်တပ်နဲ့ ရဲကို ဝင်တိုက်တာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ နှစ်နှစ်နီးပါး တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီးနောက် ဒီကနေ့ မနက် အစောပိုင်းမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပြတာက -

“ဟုတ်ကဲ့။ ကျနော်ကြားတာကတော့ ဆယ်ဇင်း အနီးစခန်းမှာ ဒီမနက်အစောကြီးလို့ ပြောလို့ ရမှာပေါ့။ ၃ နာရီနည်းနည်း ကျော်လောက်မှာ ဖြစ်တယ်ဆိုတဲ့ သတင်းကြားပါတယ်။ သတင်းရရှိပါတယ်။ ဖြစ်တဲ့ဟာက ကျနော်တို့ဘက်က KIA ဘက်ကတော့ တပ်ရင်း ၂၆ နဲ့ ဖြစ်တာဖြစ်ပါတယ်။”

ထိခိုက်ကျဆုံးတဲ့သတင်းတော့ အောက်ခြေက ပေးပို့လာတာ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဖားကန့်ဒေသခံတစ်ဦးကတော့ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ အဲဒီ ဆယ်ဇင်းက ရဲကင်းစခန်းရယ်၊ အဲဒီတပ်စခန်းရယ် ၂ ခုကို ဒီမနက်ခင်း ၃ နာရီလောက်က သိမ်းပစ်လိုက်တယ်ဗျ။ သိမ်းလိုက်တဲ့အခါကျတော့ ဗိုလ်မှူးတစ်ယောက် ကျဆုံးတယ်။ တချို့က ထွက်ပြေးသွားတာပေါ့လေ။ ကျဆုံးတာတော့ အယောက် ၂၀ လို့တော့ တင်ထားတယ်။”

ကျဆုံးတဲ့စာရင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ဒေသခံတွေက KIA ဘက်က ဒီလို တိုက်ခိုက်တာဟာ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် အရပ်သား နှစ် ဦးသေဆုံးတာနဲ့ ဆက်စပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုတာရှိပေမဲ့ KIA ဘက်ကတော့ ငြင်းဆိုထားပါတယ်။

“အဲဒါကတော့ ပြည်သူလူထုဘက်ကနဲ့ သူတို့က သုံးသပ်တာပဲ ဖြစ်မှာပေါ့။ ကျနော်တို့ ဒီဗဟိုကနေ ညွှန်ကြားပြီးတော့ ဖြစ်တဲ့ တိုက်ပွဲလည်း မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ရှမ်းမြောက်ဘက်မှာ ကျနော်တို့ တပ်မဟာ ၆။ တပ်မဟာ ၄ နယ်မြေဘက်မှာ ကျနော်တို့ရဲ့ တပ်ရင်း ၃၆ နယ်မြေ။ တပ်ရင်း ၉ နယ်မြေဘက်မှာ တပ်မတော်တွေက ထိုးစစ်ဆင်နေတာ ၁ လ နီးပါးလောက်ရှိပြီ။ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တာ။ ဆိုတော့ သူတို့ ရှေ့တန်းက ဗျူဟာမှူးတွေက အချင်းချင်းကူညီတဲ့သဘောနဲ့ ဒီဘက်လည်း တိုက်ပွဲများ ဖြစ်သလားပေါ့။ သုံးသပ်တာပေါ့ကွာ။ ဗဟိုကနေ ညွှန်ကြားပြီးတော့ တိုက်တဲ့ တိုက်ပွဲတော့ မဟုတ်ဘူးပေါ့။”

ဆယ်ဇင်းရွာတိုက်ပွဲဟာ မနက် ၃ နာရီလောက်က စတင်ပြီး ၅ နာရီလောက်မှာ ပြီးဆုံးခဲ့ပေမဲ့ နောက်ပိုင်းမှာ KIA တပ်ရင်း ၂၆ နယ်မြေကို တပ်မတော်ဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း နဲ့ ဒီကနေ့မှာတော့ ဖားကန့်မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက မြို့အနှံ့နေရာယူထားသလို လူထုဆန္ဒပြပွဲတွေ ပြုလုပ်တာမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

KIA ကတော့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက် မနှိပ်နင်းဖို့အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကတဆင့် တပ်မတော်ကို သတင်းစကား ပါးခဲ့သလို အင်အားသုံးနှိပ်နင်းရင် လူထုကို ကာကွယ်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုထားတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကရင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံးအကြား တိုက်ပွဲဖြစ်ပွားတာရှိသလို ဒေသခံရွာသားတွေ တိမ်းရှောင်ရတာတွေလည်း ရှိနေပါတယ်။

တပ်မတော်က အာဏာသိမ်းပြီးနောက်မှာ ငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်တွေအတိုင်း တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပေမဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးတာတွေ ကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

[Unicode Version]
















XS
SM
MD
LG