သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲငယ်များ ခပ်စိတ်စိတ်ဖြစ်လာ


ကေအန်ယူတပ်ဖွဲ့ဝင်အချို့။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)
ကေအန်ယူတပ်ဖွဲ့ဝင်အချို့။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)

(Zawgyi / Unicode)

ကရင်ပြည်နယ်အတွင်းမှာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့နယ် ဘားအံမြို့နယ်တွေနဲ့နီးတဲ့ နေရာတွေမှာ ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး-၂ ဖဒိုစောလှထွန်းက ပြောပြပါတယ်။

“ဖြစ်တာတော့ နေရာတွေကတော့ ပြောက်ကျားတွေလည်း ပစ်နေတာပေါ့နော်။ ဖြစ်တာတော့ သူတို့တွေက လူထုတွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့လည်း ထိတွေ့လှုပ်ရှားမှုတွေ တိုက်ပွဲဖြစ်တာတွေတော့ ရှိနေတာပဲ။ အခုဖြစ်နေတာကတော့ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅ စတဲ့နေရာတွေမှာတော့ ပစ်ခတ်မှုတွေ ဖြစ်နေတာပဲ။”

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်တွေ စိုးမိုးမှုမရှိတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့နေရာတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လက်နက်ကိုင်တွေက ပစ်ခတ်ဖြိုခွင်းမှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီမှုတွေ လုပ်သွားမယ်လို့လည်း ဖဒိုစောလှထွန်းက ပြောပြပါတယ်။

“အဓိကကတော့ ဒါတွေက လုံးဝမလုပ်သင့်တဲ့ အရာပေါ့နော်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို လူထုတောင်းဆိုမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရမှာပေါ့နော်။ လက်နက်မဲ့လူထုကို လက်နက်ရှိသူက အကြမ်းဖက်သတ်ဖြတ်မှုက လုံးဝမလုပ်သင့်တဲ့ အရာပေါ့နော်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအရရော နိုင်ငံတကာအရရော ကန့်ကွက်ရှုတ်ချနေကြတယ်။ ဒါတွေကို ကျနော်တို့က ဝိုင်းဝန်းစောင့်ရှောက်ပြီးတော့ ကူညီကာကွယ် စောင့်ရှောက်ကိုင်တွယ်ပေးရမှာ ဖြစ်တယ်။ နည်းလမ်းတွေအရ အကြံဉာဏ်တွေအရ လုပ်ငန်းစဉ်တွေအရ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်တဲ့ဟာတွေ ဆောင်ရွက်ပေးဖို့တော့ လိုမှာပေါ့။”

ကေအန်ယူဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပေမယ့် တိုက်ပွဲတွေကတော့ မကြာခန ရှိနေတာပါ။ လက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးကောင်စီအနေနဲ့ လက်နက်မဲ့ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်နေတဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ပြောဆိုထားပါတယ်။

မနေ့တုန်းကတော့ ကရင်ပြည်နယ် ကော့ကရိတ်-ကျိုက်ဒုံလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က AK သေနတ်နဲ့ လှမ်းပစ်ခတ်ခဲ့တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။ ဒီနေ့မှာတော့ စစ်တပ်နဲ့ ရဲတွေဟာ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ဆန္ဒထုတ်ဖော်သူတွေ မဝင်ရောက်နိုင်အောင် တားဆီးပိတ်ဆို့ထားတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG