သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုလုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ ဆောင်ရွက်မည် - CRPH ခန့် ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်း


နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေတဲ့ CRPH ခန့် ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်း။
နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေတဲ့ CRPH ခန့် ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်း။

(Zawgyi / Unicode)

ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားတဲ့ ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

မတ်လ ၉ ရက်နေ့မှာ ခေတ္တဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရအပြီး ၄ ရက်အကြာ ဒီကနေ့မှာပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ မန်းဝင်းခိုင်သန်းက အဲဒီလို ပြောသွားတာပါ။

အခုချိန်ဟာ အမှောင်မိုက်ဆုံးအချိန်ဖြစ်သလို ရောင်နီလာတော့မယ့် အချိန်လည်း ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပြီး ဒီအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကတိပေးသွားပါတယ်။

ပြည်သူတွေ မိမိကိုယ်ကို ခုခံနိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ရေးဆွဲပြဋ္ဌာန်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အားလုံးနဲ့ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောသလို ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အလေးအနက် ကတိပြုသွားပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေကတဆင့် စီမံဆောင်ရွက်သွားမှာဖြစ်ပြီး မတရားတဲ့ အမိန့်တွေကို ဖီဆန်ပြီး Civil Disobedience Movement မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားရမယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တွေ အပါအဝင် ကျန် နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့လည်း လူတစုရဲ့ အကျိုးစီးပွားကို သစ္စာစောင့်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေကိုသာ စောင့်သိရမယ်လို့ သတိပေးသွားပါတယ်။

အနာဂတ်အတွက် အနိုင်မခံစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်ကျောင်းသားတွေ၊ CDM တိုက်ပွဲဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့အတူ လူထုတရပ်လုံးကလည်း အာဏာရှင်ကျဆုံးရေး တိုက်ပွဲဝင်နေကြတယ်ဆိုတာ မန်းဝင်းခိုင်သန်းက အသိအမှတ်ပြု ပြောဆိုသွားပါတယ်။

ကျဆုံးသွားသူ တဦးချင်းစီရဲ့ ရဲဝံ့မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတွေအတွက် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းနဲ့ သမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တွေ၊ အိမ်ပြန်မရောက်လာသေးတဲ့ သားတွေကို မျှော်နေတဲ့ မိခင်တွေ၊ အမှန်တရားအတွက် အသက်ပေးသွားရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲခံစားရပါတယ်လို့ ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အရင်က ဘယ်လိုပဲကွဲပြားသည်ဖြစ်စေ အခုချိန်ဟာ ညီညွတ်ရမယ့်အချိန် ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ထောက်ပြသွားပြီး သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျေပြွန်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့လည်း မန်းဝင်းခိုင်သန်းက ကတိပြုသွားပါတယ်။

မန်းဝင်းခိုင်သန်းဟာ ခေတ္တဒုတိယသမ္မတအဖြစ် CRPH က ခန့်အပ်တာဝန်ပေးပြီးတဲ့နောက် ပထမဆုံးအကြိမ် လူထုကို စကားပြောခဲ့တာဖြစ်ပြီး သူ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကတော့ သူ့ရဲ့ မြဝတီမြို့ကနေအိမ်ကို စစ်တပ်က ဝင်စီးပြီး ရှာဖွေခဲ့ပေမယ့် အဲဒီနေအိမ်မှာ သူရှိမနေခဲ့ပါဘူး။

-------------------------

(Unicode)














XS
SM
MD
LG