[ Zawgyi ]
KIA ကချင်လက်နက်ကိုင်အဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ ပညာရေးကျောင်းများ တည်ရှိရာ မိုင်ဂျာယန်မှာ Covid 19 အတည်ပြုလူနာ ၂၀ နီးပါး တွေ့ရှိထားကြောင်း COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ လောလောဆည်မှာတော့ ဒီဒေသတွေအတွင်း အဝင်အထွက် ဂိတ်တွေကိုလည်း ပိတ်ထားလိုက်သလို မိုင်ဂျာယန်မှာတော့ ကျောင်းနဲ့ လူစုဝေးရာနေရာတွေကို ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ KIA နယ်မြေအတွင်းက Covid ကူးစက်မှု သတင်းကို ဦးသိန်းထိုက်ဦးက ပြောပြပါမယ်။
မြန်မာပြည်အနှံ မြို့ကြီးတွေမှာ ဒီရက်ပိုင်းအတွင်း Covid ကူးစက်မှု ဆိုးဆိုးဝါးဝါး ပြန်လည် ဖြစ်ပွားနေချိန် ကချင်လက်နက်ကိုင် KIA ဌာနချုပ်နယ်မြေ လိုင်ဇာမှာလည်း ရောဂါပိုး ကူးစက်လူနာ ၂၀ လောက်တွေ့ရှိခဲ့ပါတယ်။ လောလောဆည် လိုင်ဇာမြို့မှာ ရောဂါ ကူးစက်မှုအခြေအနေကိုKIO COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ အတွင်းရေးမှုး ဗိုလ်မှုးကြီး ဟိန်းဝေါမ်က VOA ကို အခုလို ပြောပါတယ်။
“ ၆ရက်နေ့မှာ Positive လူနာ ထပ်တွေ့တာရှိတယ်။ လိုင်ဇာမှာ အခု ဒီနှစ်အတောအတွင်းဆိုရင် အယောက် ၂၀လောက်တော့ ရှိပြီ။ အခု ဆေးရုံမှာဆိုရင် ၆ယောက်ရှိနေသေးတယ်။ ဟို ၂ယောက်ဆိုရင် တစ်လလောက် တော့ ရှိပြီ။ ကျန်တဲ့လူတွေကတော့ ၆ရက်နေ့မှာ တွေ့တယ်။ ”
ကချင်အမျိုးသားကောလိပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီနဲ့ အခြားပညာရေးကျောင်းတွေ တည်ရှိရာ မိုင်ဂျာယန်မြို့မှာလည်း ကူးစက်လူနာ တွေ့ရှိထားတယ်လို့ အခုလို ဆက်ပြောပါတယ်။
“ မိုင်ဂျာယန်မှာတော့ သူတို့ တွေ့တော့ တွေ့ထားတယ်။ ဒါပေမဲ့ သူတို့က တရုတ်ပြည်မှာ ပို့တယ်ဆိုတော့ Confirm သိပ်မဖြစ်သေးဘူး။ အဲဒီမှာလည်း Confirm ယူဖို့ သူတို့ လုပ်နေကြတယ်။ ”
၂၀၂၀ခုနှစ် Covid 19 စတင်ပြန့်ပွားချိန်ထဲက တရုတ် မြန်မာနယ်စပ် KIA ထိန်းချုပ်နယ်မြေတွေမှာ ရောဂါထိန်းချုပ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
မိုင်ဂျာယန်ဒေသက ကူညီရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကတော့ သံသယလူနာ ၅ဦးကို ဆေးစစ်ချက်ယူထားကြောင်း၊ ၂ ဦးကို အတည်ပြုထားကြောင်း ပြောပါတယ်။
“ ကျမတို့ Suspect လူနာ ၅ယောက်လို့တော့ ပြောတယ်။ ဒါပေမဲ့ သူတို့ ပြန်ပြီးတော့ Recheck ပေါ့လေ။ သူတို့ ပြန်စစ်မယ်ဆိုပြီးပြောနေတာ။ အဖြေအားလုံးက မနက်ဖန် ကျမှ သိမယ်လို့ ပြောတယ်။ လောလောဆည် နှစ် Case ကတော့ Confirm ဟုတ်တယ်။ ကျန်တဲ့ ၃ယောက်က ထပ်ပြီးတော့ Recheck ပေါ့နော်။ ထပ်ပြီး ပြန်စစ်ထားတယ်လို့ ပြောတယ်။ အဲဒါ မနက်ဖန်လောက်မှ သိလိမ့်မယ်။”
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက လက်ရှိအချိန်မှာ မိုင်ဂျာယန်နဲ့ လိုင်ဇာ အဝင်အထွက်တွေ ပိတ်ထားသလို Covid 19 ရောဂါ ကာကွယ်တားဆီးရေးအတွက်လည်း ပိုမို ဆောင်ရွက်နေကြောင်း ပြောပါတယ်။
“ အခုလောလောဆည်ကတော့ အဝင်အထွက်တွေ အကုန်လုံးပိတ်ထားပါတယ်။ လိုင်ဇာဘက်မှာလည်း ပိတ်ထားပါတယ်။ ဥပမာ လိုင်ဇာ- မြစ်ကြီးနား ကားလမ်းတို့ပေ့ါနော်။အဲဒီမှာလည်း ပိတ်ထားပါတယ်။ ဒီ Mask Campaign တို့ပေါ့နော်။ ဒီ Poster Campaign တို့ ဒါက ကျနော်တို့ အမြဲတမ်းလုပ်ပါတယ်။ နောက် မြို့ထဲမှာလည်း စည်းကမ်းထိန်းသိမ်းရေးတွေလည်း ကျနော်တို့ လုပ်ပါတယ်။ ”
မိုင်ဂျာယန်မှာတော့ ကျောင်းတွေ၊ ဘုရားကျောင်းတွေလို လူစုဝေးရာနေရာတွေကို တစ်ပတ်ပိတ်ထားသလို ဈေးတွေကိုလည်း မနက်ပိုင်းမှာသာ အချိန်အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။
Covid 19 ကူးစက်မှု ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ဖြစ်ပွားချိန်မှာ KIA နယ်မြေအတွင်း ရောဂါပိုး ကူးစက်တာမရှိဘဲ အခုတစ်ကြိမ်မှာမှ စတင်ကူးစက်တာဖြစ်ကြောင်းလည်း ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ အတွင်းရေးမှုး ပြောပါတယ်။
KIA ထိန်းချုပ်နေယ်မြေ လိုင်ဇာနဲ့ မိုင်ဂျာယန်တို့နဲ့ ထိစပ်နေတဲ့ မိုးမောက်နဲ့ ဗန်းမော်မြို့နယ်တွေမှာလည်း Covid ၁၉ ကူးစက်မှုတွေ ရှိနေပြီး အထူးသဖြင့် လူစုလူဝေးနဲ့ နေထိုင်နေကြရတဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာပါ ကူးစက်တာရှိနေတဲ့အတွက် ဒေသခံပြည်သူအများ စိုးရိမ်နေကြပါတယ်။
[ Unicode ]