သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသစစ်ရှောင်တွေ နေရေးအခက်ကြုံ


ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်စစ်ပြေးဒုက္ခသည်များ။

ကချင်စစ်ရှောင်ပြည်သူတွေ ဒီကနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ အဓိက အခက်အခဲဟာ နေရာထိုင်ခင်း ပြဿနာဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ စစ်ပွဲ၆နှစ်ပြည့် အထိမ်းအမှတ်ဆုတောင်းပွဲကို တက်ရောက်လာသူတွေက ပြောပါတယ်။ အဓိက သူတို့မျှော်လင့်နေတာကတော့နေအိမ်ပြန်နိုင်ဖို့ အရေးဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာတာ ဒီကနေ့ဆိုရင် ၆နှစ်ပြည်ပြီဖြစ်ပါတယ်။ ၆နှစ်ပြည့်အထိမ်းအမှတ်ဆုတောင်းပွဲကို ကချင်ပြည်နယ်အတွင်းက မြို့ကြီးတွေမှာ သာမက နိုင်ငံတကာရောက် ကချင်အမျိုးသားတွေပါ ကျင်းပခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာတော့ စီတာပူမနောကွင်းမှာ ကျင်းပခဲ့ရာမှာ လူ ၇ထောင်ကျော်လောက် တက်ရောက်ခဲ့ပြီး ဒီအခမ်းအနားမှာ ကချင်စစ်ရှောင်ဒုက္ခသည်တွေပါ ပါဝင် တက်ရောက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့တပ်ကုန်း နှစ်ခြင်းစစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့ ဦးတူးရိန်က သူတို့ လက်ရှိကြုံတွေ့နေတဲ့ အခက်အခဲကိုအခုလို ပြောပါတယ်။

" ခြောက်နှစ်ရှိလာပြီဆိုတော့ ယာယီပဲ လုပ်ထားပေးတဲ့ အဆောင်တွေ၊ shelter တွေဆိုတော့ အားလုံး ပျက်တာတွေလည်း ပျက် ပေါက်ပြဲတာတွေလည်း ပြဲ မိုးယိုတာကယို အဲ့တာတွေက အများကြီးရှိပါတယ်။ ကျနော်တို့က ကိုးပေ ဆယ့်နှစ်ပေမှာပဲ နေကြတာလေ။ အဲ့တာဆိုတော့ ကလေးတွေကလည်း လူကြီးဖြစ်လာပြီ မိဘနဲ့အတူတူအရင်ကတော့ ပေါင်းအိပ်လို့ရပါတယ်။ အခုကတော့ အဲ့လို ပေါင်းအိပ်ဖို့ မသင့်တော်တဲ့အတွက်။ အမျိုးသမီးတွေ ကြီးလာတော့ အဲ့ဒီ့နေရာထိုင်ခင်းက ကျဉ်းကြပ်တယ်။ ကျနော်တို့မှာ လူမှုရေးပိုင်းမှာရော တော်တော်ေ်လး အခက်အခဲရှိလာပါတယ်။ အဲ့တာ နေရာအခက်အခဲပေါ့နော်။"

အခြားအခက်အခဲတွေကတော့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ပညာရေးဖြစ်ကြောင်း ပြောပါတယ်။ ကချင်စစ်ရှောင်ပြည်သူတွေဟာ မိမိအိမ်ကို ပြန်နိုင်ဖို့ကိုပဲ မျှော်လင့်နေကြကြောင်း အခုလို ဆက်ပြောပါတယ်။

"ကျနော်တို့မှာ အလိုလားဆုံးကတော့ အိမ်ပြန်ချင်တာပဲရှိတာပါပဲ။ အလိုလားဆုံးကတော့ ကိုယ့်အိမ်ပြန်ရင် ဒီနှစ်လယ်လုပ်ရင် ဘယ်လောက်ထွက်မယ်ဆိုတာ ကိုယ်သိပြီးသား ဆိုတော့ စိတ်အားလည်းမငယ်ဘူး ဘာမှ စိတ်ညစ်စရာအကြောင်းလည်းမရှိဘူး။ ဆားနဲ့ပဲစားစား မျော်လင့်ချက်တွေရှိတယ် အခု ကျနော်တို့ ဒီစခန်းမှာနေတယ်ဆိုတာ မျှော်လင့်ချက်မရှိသလို ကျနော်တို့နေရတယ်။ ဘာပဲအခက်အခဲရှိရှိလေ ရွာမှာနေတယ်ဆို ကြက်တကောင်ရောင်းစားလည်း ပိုက်ဆံရတယ်လေ ဘာပဲလုပ်လုပ် ကျနော်တို့မှာ မျှော်လင့်ချက်ရှိတယ်။ ဒီမှာက ကြက်တကောင်ရဲ့ အဖြစ် တောင်မှမဖြစ်နိုင်တဲ့ ကျနော်တို့ဘဝက ဖြစ်နေတာကိုး။"

၆နှစ် ကြာမြင့်လာတဲ့ ကချင်စစ်ပွဲအတွင်းမှာ ကချင်စစ်ရှောင်ဒုက္ခသည် ၁သိန်း ၂သောင်း ကျော်ရှိကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ စီတာပူကွင်းမှာ ကျင်းပတဲ့ လူထုဆုတောင်းပွဲအခမ်းအနားက အစိုးရကို တောင်းဆိုလိုက်တဲ့ အချက်တွေကို အခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဇော်ဂျက်က အခုလို ပြောပါတယ်။

" ကျနော်တို့ အစိုးရကို တောင်းဆိုထားတာရှိပါတယ်။ အဲ့တာအထဲမှာ ဘာတွေပါလဲ ဆိုတော့ ကျနော်တို့ ကချင်ဒေသမှာ ငြိမ်းချမ်းစေချင်တယ်။ ပြီးတော့ တနိုင်ငံလုံး တရားမျှမျှတတနဲ့ ငြိမ်ငြိမ်သက်သက်ဖြစ်စေချင်တယ်။ အဲ့လိုမျိုး တောင်းဆိုချက်တွေပါတယ်။ ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုလည်း လိုချင်တယ်။ အဲ့လိုမျိုးထုတ်ဖော်တဲ့ဟာလည်းရှိတယ် ပြီးတော့ လောလောဆယ် တနိုင်းဘက်မှာ ထိုးစစ်ဆင်ခြင်းကြောင့် စစ်ဖြစ်နေတယ်ဆိုတာလည်းပါတယ်။ ၂၁ပင်လုံမှာ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ပြောခဲ့တဲ့အတိုင်း ၂၀၁၇မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ဖို့ ဆိုတာလည်း တကယ်လက်တွေ့အကောင်အထည်ဖော်ဖို့လိုပြီဆိုတဲ့တိုက်တွန်းချက်တွေ ပါပါတယ်။"

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဟာ ၁၉၉၄ခုနှစ်ကစတင်ပြီး အပစ်အခတ်ရပ်စဲခဲ့ရာမှာ ၁၇နှစ်ကြာခဲ့တဲ့နောက် ၂၀၁၁ခုနှစ်မှာ တကျော့ပြန်စစ်ပွဲတွေ ပြန်လည်ဖြစ်ပွား လာတာဖြစ်ပါတယ်။ ဒီ၆နှစ်ကာလအတွင်းမှာ တိုက်ပွဲပေါင်း ၃၅၀၀ကျော်လောက်ဖြစ် ပွားခဲ့တယ်လို့ KIA က အဆင့်မြင့်အရာရှိတဦးကပြောဆိုကြောင်း ဒီနေ့ထုတ် 7day နေ့စဉ်သတင်းစာမှာဖော်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တနိုင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ထောင်နဲ့ ချီတဲ့ ပြည်သူတွေဟာ တနိုင်းမြို့ကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG