သုံးရလွယ်ကူစေသည့် Link များ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးပြီး တပတ်ကျော်အကြာမှာ ကချင်ပြည်နယ် တနိုင်းဖက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက် တာတွေ ပြန်လည်ဖြစ်ပွားလာနေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ကြူကုတ်မြို့အနီးမှာ လက်ပစ်ဗုံးနဲ့ မိုင်းတွေ သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်းနဲ့ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက် တာတွေ ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသလို တအာင်း(ပလောင်) တပ်ဖွဲ့ကလည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ကြောင်း သတင်းထုတ်ပြန်တာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဖက်က အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ KIA ကချင်နဲ့ TNLA တအာင်း- ပလောင် တပ်ဖွဲတွေက လားရှိုးနဲ့ မူဆယ်မြို့ပေါ်တွေမှာ အခွန်ကောက်ဖို့ စာပေးပို့တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် အင်္ဂါနေ့ည ညပိုင်းမှာ ကြူကုတ်(ပန်ဆိုင်း) အနီးမှာ လက်နက်ဖမ်းဆီးတဲ့သတင်းနဲ့ ယာဉ်တန်းတိုက်ခိုက်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဒီလ ၅ရက်နေ့ည ၁၀နာရီက ကြူကုတ်မြို့ အနီးမှာ တပ်မတော်၊ ပြည်သူ့စစ်နဲ့ ဌာနဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးစဉ်မှာ နမ့်တောင်းဖက်ကနေ လာတဲ့ အမျိုးသား၂ယောက်လိုက်ပါလာတဲ့ ဆိုင်ကယ်တစီးဟာ တားဆီးတာကို မရပ်ဘဲ အပြင်း မောင်းနှင်သွားကြောင်း၊ ဒါကို ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးရာမှာ တဦးအသေရမိပြီး တဦးထွက်ပြေးသွားကြောင်းနဲ့ ဖမ်းဆီရမိတဲ့ ဆိုင်ကယ်မှာ လက်ပစ်ဗုံး ၃လုံးနဲ့ နင်းမိုင်း အသေး၃လုံး ဖမ်းဆီးရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ ည၁၂နာရီမှာတော ကြူကုတ်မြို့အရှေ့ဖက် နမ့်ဟူးရွာအနီးမှာ တပ်မတော်ယာဉ်တန်းကို အဝေးထိန်း မိုင်း၂လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာကြောင့် မော်တော်ယာဉ်လေကာမှန်ထိခိုက်ခဲ့ကြောင်းနဲ့ လူအထိအခိုက် မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ဖြစ်ကြောင်းတော့ မဖော်ပြပါဘူး။

ကြူကုတ်ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာ ဆိုင်ကယ်ဖမ်းဆီးတဲ့သတင်းကို မကြားသိရကြောင်းနဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာ ဟုတ်မှန်ကြောင်း ဒေသခံတဦးက ပြောဆိုပါတယ်။

“ဟုတ်ကဲ့ အဲဒါတော့ ကြားလိုက်တယ်ခင်ဗျ။ ထိခိုက်ဘာညာလို့တော့မကြားဘူး ဗုံးခွဲတယ်လို့တော့ ကြားတယ်ခင်ဗျ။”

ကြူကုတ်ဒေသနဲ့ အဆက်အသွယ်ရှိသူ ဘာသာရေးခေါင်းဆောင်တဦးကလည်း ဆိုင်ကယ်ဖမ်းဆီးတဲ့သတင်းကို မေးမြန်းစုံစမ်းလို့ မရကြောင်း နဲ့ တခြား သိရှိရတဲ့အချက်တွေကို အခုလို ပြောပါတယ်။

“မနေ့ညနေ ၁ နာရီလောက်ကတော့ တရုတ်အဖိုးကြီးတယောက်က နွားသွားရှာတာ ၊ ခြေတဖက်ပြတ်သွားတယ် ။ ညသန်းခေါင်လောက်မှာလည်း သေနတ်သံတွေကြားတယ် အဲဒါက ဘာမှန်းမသိဘူး ခုထိ။”

ကြူကုတ်မြို့က လုံခြုံရေးဆိုင်ရာ ၀န်ထမ်းတဦးကို ဆက်သွယ်မေးမြန်းရာမှာ တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရ တာကြောင့် အရပ်သား တဦးထိခိုက်ကြောင်း ပြောဆိုပေမဲ့ ဆိုင်ကယ်နဲ့ ဗုံးတွေ ဖမ်းဆီးရမိတာကို မသိကြောင်း ပြောပါတယ်။

အင်္ဂါနေ့မှာပဲ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ တအာင်း (ပလောင်)လက်နက်ကိုင်တပ်ဖွဲ့အကြား တနာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA တအာင်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်က ပြောပါတယ်။

“ မနေ့ကတော့ ရှိတယ်၊ မန်တုံမြို့နယ်၊ ပန်ဝါကျေးရွာနှင့် မိုင်းတပ်ကျေးရွာကြားမှာဖြစ်တာ ၁ နာရီနီးပါး မိနစ် ၅၀ လောက်ဖြစ်တယ်။ အထိအခိုက်ကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ မြန်မာ့တပ်မတော်ဘက်ကတော့ ကျနော်တို့လည်း မသိဘူး။”

ဒီရက်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဖက်မှာ အစိုးရတပ်မတော်ဖက်က အင်အားဖြည့်တင်း တာတွေကြောင့် နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

“အခုဆိုရင် ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေအတွင်းမှာ တော်တော်များများ တောတွင်းဘက်ရော ၊ ကျေးရွာအတွင်းရော မြန်မာ့တပ်မတော်ကနေ ရောက်ရှိလာတယ်။ ကျနော်တို့ရှိတဲ့နေရာနဲ့ ပြောမယ်ဆိုရင် ၁ နာရီ ၊ အဲဒီလို နာရီပိုင်းအတွင်းရောက်နိုင်တဲ့နေရာတွေဖြစ်တယ်။ နည်းနည်းလှုပ်ရှားမူပြုလိုက်ရင်တော့ တိုက်ပွဲပြင်းထန်လာတဲ့အနေအထားရှိတယ်။”

ဒီလဆန်းပိုင်းကလည်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲအနည်းဆုံး ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်းပလောင်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

TNLA တအာင်း(ပလောင်) တပ်ဖွဲ့နဲ့ KIA ကချင်တပ်ဖွဲ့အပါအ၀င် တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ဟာ တရုတ် အစိုးရရဲ့ တိုက်တွန်းချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ဒီအဖွဲ့တွေဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ပြင်ပကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တင်ပြခဲ့ကြပေမဲ့ ညီလာခံနောက်ပိုင်းမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ထပ်မံ ဆွေးနွေးတာ မရှိသေးပါဘူး။

XS
SM
MD
LG