သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသကလေးများ အတွက် UNICEF စိုးရိမ်


ဒုက္ခသည်စခန်းမှ ကလေးများ
ဒုက္ခသည်စခန်းမှ ကလေးများ

အစိုးရအနေနဲ့ ကလေးသူူငယ်အရေးနဲ့ ပတ်သက်လို့ အရှိန်မြင့်လုပ်ဆောင်နေတာတွေ ရှိပေမယ့်လို့ပဋိပက္ခဖြစ်ရာ ဒေသတွေက ကလေးသူငယ်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်စတဲ့ ပဋိပက္ခာဖြစ်ရာဒေသတွေမှာ ကလေးငယ်ပေါင်း ၂ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ဒီ့ထက်ပိုလိုအပ်နေပြီး ကလေးစစ်သား စုဆောင်းတာ အပါအဝင် ပဋိပက္ခာတွေကိုလည်း အဆုံးသတ်သင့်ပြီလို့လည်း တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေမှာ တိုးတက်လုပ်ဆောင်မှုတွေ ရှိသလိုကလေးသူငယ်ဆိုင်ရာ ဥပဒေ မူကြမ်းတစ်ခုကိုလည်း ရေးဆွဲဖို့ ပြင်ဆင်နေပေမယ့်လို့ ပဋိပက္ခာဖြစ်ရာ ဒေသတွေအပါအဝင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကကလေးငယ်ပေါင်း ၂ သန်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ထောက်ပြလိုက်တာပါ။ ဒီကနေ့ UNICEF က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ UNICEF Myanmar ရဲ့ ဌာနေကိုယ်စားလှယ် Bertrand Bainvel က အခုလို ပြောပါတယ်။

"ပဋိပက္ခာဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်နေကြတဲ့ ကလေးငယ် ၂.၂ သန်းကျော်ဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့်လို့ သူတို့အနေနဲ့ အကျီုးရလာဒ်တွေ မခံစားရသေးပါဘူး။ ကလေးငယ်ပေါင်း ၂ သန်းကျော်ဟာ များပြားလှတဲ့ အရေအတွက်ဖြစ်ပြီး အခုဆိုရင် အဲဒါကို ပြောင်းလဲဖို့အတွက် အခွင့်အရေးတွေ ရှိလာတာတွေကိုလည်း ကျနော်တို့ တွေ့မြင်လာရပါပြီ။"

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်အရ ရခိုင်ပြည်နယ်ဘက်မှာလည်း ကျန်းမာရေးနဲ့ ပညာရေး ဖွံဖြိုုးတိုးတက်မှုတွေ လုပ်ဆောင်နေသလို မနက်ဖြန်မှာ ကျင်းပမယ့် ပင်လုံညိလာခံမှာလည်း ပဋိပက္ခာဒဏ်ခံစားခဲ့ရတဲ့ ကလေးငယ်တွေအတွက် ပိုကောင်းမွန်တဲ့ ကာကွယ်မှုတွေ ရလိမ့်မယ်လို့လည်း သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ် ၃၀ ရာခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့တဲ့ဒဏ်ကို ခံစားနေရပြီး ၅ နှစ်အောက် ကလေးငယ် ၁၅၀ ကျော်ဟာလည်း နေ့စဉ်သေဆုံးနေတယ်လို့ ဒီအစီရင်ခံစာက ထောက်ပြပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ကချင် ရှမ်းနဲ့ ကရင်ပြည်နယ်အပါအဝင်နယ်စပ်ဒေသတစ်ချီု့မှာလည်း မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား မကြာခဏဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီ့မှာရှိတဲ့ ဒေသခံတွေဟာ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အကန့်အသတ်နဲ့ အနည်းငယ်သာ ရရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း လူပေါင်း ၁ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် အဲဒီ့မှာရှိနေသေးတဲ့ အသိုင်းအဝိုင်းတွေအတွက် အကာအကွယ်တွေ အကူအညီတွေ လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။ UNCEIF အနေနဲ့လည်း ရခိုင်ပြည်နယ်တွင်း နှစ်ဖက်အသိုင်းအဝိုင်းအတွက် အကူအညီတွေ ထောက်ပံကူညီပေးနေတယ်လို့ Bertrand Bainvel က ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရနဲ့ အတူလက်တွဲ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ နှစ်ဖက်အသိုင်းအဝိုင်းက ကလေးငယ်တွေအတွက် ပညာရေးနဲ့ အသက်ကြီးရင့်သူတွေအတွက် ကျန်းမာရေး ကဏ္ဍတွေကို လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီ့မှာ ပညာရေးစနစ်ဟာ ဒီ့ထက်ပိုကောင်းဖို့လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တိုးမြင့်လုပ်ဆောင်ဖို့ လိုပါတယ်။ ကျနော်တို့ ဆွေးနွေးမှုတွေထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ နှစ်ဖက်အသိုင်းအဝိုင်းက ကလေးငယ်တွေ အားလုံး ခွဲခြား ဆက်ဆံခြင်း မရှိဘဲ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြင့်လုပ်ဆောင်ဖို့လည်း ပါပါတယ်။"

ကလေးစစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ့စစ်တပ်နဲ့ လက်တွဲလုပ်ဆောင်နေတာတွေ ရှိတာကြောင့် ကလေးစစ်သား အရေအတွက်နည်းသွားတာကိုလည်း တွေ့မြင်ရတယ်လို့ UNICEF ဌာနေကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ကလေးစစ်သားတွေ ရှိနေတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဆက်လက်ဆွေးနွေးဆောင်ရွက်နေတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG