သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲတွေရပ်တန့်ရေး လှုပ်ရှားသူတွေတောင်းဆို


ကချင်စစ် ၆ နှစ်ပြည့်အထိမ်းအမှတ်ပွဲ (Khon Ja)
ကချင်စစ် ၆ နှစ်ပြည့်အထိမ်းအမှတ်ပွဲ (Khon Ja)

ကချင်ဒေသတွင်း စစ်မီးတွေငြိမ်း စစ်ရှိန်တွေလျှော့နိုင်ရေး နောက် စစ်ပြေးဒုက္ခသည်တွေ မိမိတို့ဒေသကို လုံခြုံစိတ်ချစွာ နေရပ်ရင်းပြန်နိုင်ရေး မြန်မာ့တပ်မတော်ကို နိုင်ငံတော်အစိုးရအနေနဲ့ တိုက်တွန်း ညှိနှိုင်းပေးဖို့ ကချင့်အရေးလှုပ်ရှားသူတွေက ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ခြောက်နှစ်ပြည့် အထိမ်းအမှတ်ပွဲကနေ တောင်းဆိုလိုက်ကြပါတယ်။ ၂၁ရာစုပင်လုံညီလာခံခေါ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကြိုးပမ်းနေချိန်မှာပဲ ဒီရက်ပိုင်းအတွင်း ကချင်ဒေသတွင်း ပြန်ပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေပေါ်လည်း စိုးရိမ်မှုတွေမြင့်တက်လာနေတာပါ။ မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ခြောက်နှစ် ၂၀၀၁ခုနှစ် ဇွန်လဆန်းပိုင်း ကတည်းကစခဲ့တဲ့ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ တင်းမာနေဆဲ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပြည်နယ်အစိုးရနဲ့ လွှတ်တော်တို့ကနေ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ရင်းပြန်နိုင်ရေး စီစဉ်ပေးဖို့ ဒီကနေ့ ဇွန်လ ၆ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ ခြောက်နှစ်ပြည့် ကချင်ဒေသ တကျော့ပြန်စစ်ပွဲ ငြိမ်းချမ်းရေးဖိတ်ခေါ်သံ အခမ်းအနားကနေ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

ကချင်ပြည်နယ်တွင်း မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ပွဲတွေနဲ့ ထိုးစစ်ဆင်ခဲ့ကြတဲ့အတွက် ကလေးသူငယ် လူမမည်လေးတွေအပါအဝင် ဒေသခံရွာသားတွေ အသက်ဆုံးရှုံးရတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့ကြရသလို သိန်းချီတဲ့ ကချင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အခုအချိန်အထိလည်း စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နှစ်နဲ့ချီ နေထိုင်ခိုလှုံနေကြရဆဲ အနေအထားဖြစ်တာမို့ ဒုက္ခသည်တွေအရေး သက်ဆိုင်ရာတွေအနေနဲ့ အထူးစဉ်းစားဆောင်ရွက်ပေးကြဖို့ တောင်းဆိုလိုပါတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က မခွန်ဂျာက ပြောပါတယ်။

“ကျမတို့ ဒီအခမ်းအနားက ကချင်စစ် ၆ နှစ်ပြည့်ပြီးတော့မှ အဲဒီမှာ ဒုက္ခသည်တွေရဲကအခြေအနေတွေက ဘယ်လောက် အထိရောက်နေပြီလဲဆိုတာကို ဖော်ပြကြပါတယ်။ ဒုက္ခသည်တွေကို လုံခြုံစိတ်ချစွာ မိမိတို့နေရပ်ဒေသကိုပြန်နိုင်ဖို့အရေး ၊ နောက်တခု Dignity ပေါ့နော် ဂုဏ်သိက္ခာနဲ့ ပြန်နိုင်ဖို့အရေး ကျွဲမောင်းနွားမောင်းသလိုမျိုး မပြန်ခိုင်းဖို့။ ဒီလိုလုပ်နိုင်ဖို့အတွက်ဆိုရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ နံပတ် ၁ ကတော့ စစ်အရှိန်လျှော့ချအောင် ပံ့ပိုးကူညီမှုမှာ တပ်မတော်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်ရှင့်။ ဒုတိယတခုအနေနဲ့ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုပဲ အားကိုးပြီးတော့ ပစ်ထားလို့မရပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလူတွေကိုလည်း မိမိရဲ့ ပြည်သူလူထုဖြစ်တဲ့အတွက်ကြောင့်မို့လို့ စောင့်ရှောက်ရမယ် ဝတ်တရားရှိသည်နှင့်အညီ နိုင်ငံတော်ရဲ့ ဘားဂျက်ထဲကနေ သုံးစွဲပြီးတော့မှ စနစ်တကျ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ပြည်တွင်းစစ်မီးငြိမ်းနိုင်ရေး ၂၁ရာစုပင်လုံညီလာခံတွေခေါ်ယူပြီး ကြိုးပမ်းဆောင်ရွက်နေပေမဲ့လို့ ကချင်ဒေသတွင်းမှာ ဒီရက်ပိုင်းမှာကို စစ်ရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့အပေါ် တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ပေးဖို့ နောက် စစ်ရေးနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုလိုပါတယ်လို့ ၂၁ရာစုပင်လုံကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း တောင်းဆိုပါတယ်။

“ ၆ နှစ်ကြာလာပြီ ၊ ၆ နှစ်ကနေ ၇ နှစ် ၈ နှစ် ဆက်သွားမယ်ဆိုရင် ပြည်သူက ခံရတာထက် ပိုပြီးခံရမယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီ ဒါကြောင့်ကျနော်တို့က တခါတည်း ရပ်လိုက်စေချင်တယ်။ ဒီအားလုံးက လက်တွဲညီညီနဲ့ ငြိမ်းချမ်းရေးခရီးလမ်းကို ဆက်လျှောက်စေချင်တယ်။ ကျနေ်ာတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ပင်လုံညီလာခံ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ဆက်လျှောက်စေချင်တယ်။ မဟုတ်ရင်တော့ တိုက်ပွဲတွေပြန်ပေါ် မနေ့တုန်းကလည်း ညီလာခံပြီးတော့ ဘာမှမကြာဘူး တိုက်ပွဲပြန်ဖြစ်တာပဲ ။ အခုလည်း သတင်းတွေက ကြားနေရတယ်။ မကြာခင် တိုက်ပွဲကြီးက ဖြစ်လာမလိုလိုနဲ့ ကျနေ်ာတို့ကတော့ အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ၆ နှစ်ကြာလာတဲ့ စစ်ပွဲကို ဒါတွေအားလုံးက ဒါတွေကို သင်ခန်းစာယူပြီးတော့မှ အခုစစ်ပွဲကို အမြန်ရပ်ဆိုင်းပြီးတော့မှ အေးချမ်းသာယာနဲ့ ငြိမ်းချမ်းရေး ရရှိအောင် အားလုံးကြိုးပမ်းစေချင်တယ်ခင်ဗျ။”

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေ၊ မြန်မာအစိုးရထိန်းချုပ်နယ်မြေတွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေနဲ့ တရုတ်-မြန်မာနယ်စပ်တွေအထိ ထွက်ပြေးတိမ်းရှောင်နေရဆဲစစ်ပြေးဒုက္ခသည်အရေအတွက်က သိန်းချီရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ဒုက္ခသည်တွေရဲ့ ရေရှည်လူနေမှုရပ်တည်ရေး အသက်မွေးကျောင်းအလုပ်အကိုင်ရှာဖွေနိုင်ရေးနဲ့ စစ်ပြေးဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေး အထူးထိခိုက်လှတာမို့ ဒုက္ခသည်အရေး အရေးပေးဆောင်ရွက်ပေးဖို့ ခြောက်နှစ်ပြည့်ကနေ တောင်းဆိုပါတယ်လို့လည်း ဒေါ်ခွန်ဂျာကပြောပါတယ်။

“ဒုက္ခသည်ပေါင်း ၁ သိန်း ၂ သောင်းနဲ့ လောလောဆယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်တဲ့ အတွက်ကြောင့် ဒုက္ခသည်တွေဟာ အင်မတန်ခက်နေပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေး၊ လူငယ်တွေအတွက် အလုပ်အကိုင် ၊ လူငယ်တွေရဲ့ တက်လမ်းပါ့ ဒီဟာတွေက အားလုံးဆုံးရှုံးနေတယ်။ ကူညီပံ့ပိုးမှုတွေအကုန်လျော့သွားတဲ့အခါမှာ ဒုက္ခသည်တွေဟာ ရရာလုပ်ငန်းကို ရှာဖွေစားသောက်ရတဲ့အခါမှာ တောထဲမှာ ဟင်းသီးဟင်းရွက်ရှာဖွေရင်းနဲ့ မြေမြုပ်မိုင်းတွေ နင်းမိပြီး သေဆုံးရတာတွေ ဒုက္ခိတ ဖြစ်ရတာတွေ များနေတဲ့အကြောင်း၊ နောက်တခါ ၂၁ ရာစုပင်လုံကနေလည်း ဒုက္ခသည်တွေအခန်းကဏ္ဍကို ဆွေးနွေးညှိနှိုင်းခြင်းက အင်မတန်နည်းတော့ ဒီအလားအလာအားဖြင့် မကောင်းတဲ့အကြောင်း ဒါတွေကို ကျမတို့ မီးမောင်းထိုးပြခဲ့ပါတယ်။”

(၆)နှစ်ပြည့် ကချင်ဒေသ တကျော့ပြန်စစ်ပွဲ “ ငြိမ်းချမ်းရေးဖိတ်ခေါ်သံ” ပွဲကို ကချင်ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေသူတွေ၊ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကချင်အရေးလှုပ်ရှားသူတွေက ဒီကနေ့ ဇွန်လ ၆ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး ကချင်နဲ့ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တချို့လည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ လာမယ့်ဇွန်လ ၉ရက်နေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်လူထုတွေ စုပေါင်းပြီး ကချင်စစ်ပွဲခြောက်နှစ်ပြည့်အခမ်းအနားကို ကျင်းပဖို့စီစဉ်ထားသလို ပြည်နယ်နဲ့တိုင်းတွေမှာလည်း ကချင်စစ်ပွဲခြောက်နှစ်ပြည့် အထိမ်းအမှတ် လုပ်ကြဖို့စီစဉ်ထားတယ် လို့သိရပါတယ်။

ကချင်စစ်ကတော့ ခြောက်နှစ်ပြည့်ခဲ့ပါပြီ .ဒီကချင်စစ်ရေးနဲ့ပတ်သက်လို့ လွှတ်တော်တွင်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသလို ကချင်ပြည်နယ်ဘက်က ကချင်ဒေသခံ ပြည်သူလူထုက တိုက်ပွဲတွေရပ်ပေးဖို့ အကြိမ်ကြိမ ်ဆန္ဒထုတ်ဖော်ခဲ့ကြသလို ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာလည်း ကချင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်မီးတွေ အမြန်ဆုံးငြိမ်းသက်ပေးဖို့ ငြိမ်းချမ်းရေး လိုလားသူတွေနဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့လို့ အခုအချိန်အထိ ကချင်ဒေသတွင်း စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုင်းရင်းဒေသတွေက စစ်ရေးအခြေအနေတွေကလည်း စိုးရိမ်စရာဖြစ်နေဆဲအနေအထားဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတို့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG