သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ခရိုင် ကရင်တော်လှန်ရေးနေ့အခမ်းအနား နေရာပြောင်းရွှေ့ဖို့ညွှန်ကြား


၂၀၁၉ ခုနှစ်တုန်းက ကရင်တော်လှန်ရေးနေ့အခမ်းအနား မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၁၉)
၂၀၁၉ ခုနှစ်တုန်းက ကရင်တော်လှန်ရေးနေ့အခမ်းအနား မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

[Zawgyi/Unicode]

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဒီနှစ်ကျင်းပမယ့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်က နေရာပြောင်းရွှေ့ကျင်းပဖို့ ညွှန်ကြားလိုက်တဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေ ကွမ်းပင်ဝကျေးရွာအုပ်စု ထီးလော်သီတရွာမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ၇၁ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခွင့်မပြုဘဲ တပ်မဟာ ၅ ဌာနချုပ် ဒေးပူနိုမှာ ကျင်းပဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ KNU ဘားအံဆက်ဆံရေးရုံးကို အကြောင်းကြားလိုက်တာပါ။

ဒါပေမဲ့လည်း နေရာပြောင်းရွှေ့ခိုင်းတဲ့ အကြောင်းရင်းကိုတော့ မသိရဘူးလို့ KNU တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းကပြောပါတယ်။

“ကန့်သတ်ထားတာတော့ အဲဒါတော့ သူတို့ ပြောမတတ်ဘူးပေါ့။ သူတို့ဘက်က ဘယ်လိုကန့်သတ်လဲဆိုတာကတော့။ အခုကတော့ ကျနော်တို့ ကျင်းပပြုလုပ်တာကတော့ KNU အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်း ကျနော်တို့ရဲ့ နေ့ထူး နေ့မြတ်တွေ ကရင့်တော်လှန်ရေးနေ့တွေ ကရင့်အာဇာနည်နေ့တွေ KNU ရဲ့ အုပ်ချုပ်တဲ့နယ်မြေထဲမှာ ကျနော်တို့ ကျင်းပတာပဲလေ။ ဒါက ကျနော်တို့ အစဉ်အလာရော၊ အမြဲတမ်းရော သတ်မှတ် ကျနော်တို့ ကျင်းပခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်ခင်ဗျာ။ ရှိသမျှ နေ့ကြီးရက်ကြီးတွေ အားလုံးကတော့ သူတို့ကတော့ ကန့်သတ်တာပဲ။ ကရင်အမျိုးသားအာဇာနည်နေ့ ကျင်းပတာလည်း ဒီလိုပဲ သူတို့ ပြောကြတာပဲ။ ဒါပေမဲ့ ကျနော်တို့ လုပ်တာက ကျနော်တို့ နယ်မြေဒေသဖြစ်တဲ့အတွက် ပုံမှန်ပဲပေ့ါ။ ကျနော်တို့ လုပ်ခဲ့ကြတာပဲ။”

ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပဖို့ စီစဉ်နေတဲ့ ထီးလော်သီတ ရွာမှာ အခန်းအနားတွေ ပြင်ဆင်နေဆဲဖြစ်သလို အကြိုအားကစားပြိုင်ပွဲတွေလည်း ကျင်းပနေတာပါ။

ဖာပွန်မြို့နယ် ကရင်လူငယ်အဖွဲ့ဝင် စောအဲလ်ဘတ်ချိုကတော့ ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို KNU က အစီအစဉ်အတိုင်း ကျင်းပမယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။

“မြန်မာ့တပ်မတော်ဘက်က ဒါက သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်မဟုတ်ဘူး။ KNLA က သူ့ဘာ့သာသူ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အရာဖြစ်တယ်။ တမင်သတ်သတ် သူတို့ အာဏာပြတဲ့သဘောလို့ပဲ အဲဒီလိုနှောင့်ယှက်တယ်... ဖျက်စီးလိုတဲ့သဘောမျိုးနဲ့ သူတို့က အဲဒီလိုပဲ သုံးသပ်တာပေါ့နော်။ KNLA အနေနဲ့ ကတော့ သူတို့ လုပ်မယ့် နေရာကို သူတို့လုပ်မှာပဲ။”

ကရင့်တော်လှန်ရေးနေ့ဟာ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်က ဖဆပလအစိုးရကနေ ကရင်အမျိုးသား ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့(KIDO)ကို တရားမဝင် လက်နက်ကိုင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာပါ။

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ KNU လက်အောက်ခံ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ဒေသနဲ့ တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်းကျောက်ကြီးမြို့နယ်တွေမှာတော့ မြန်မာစစ်တပ်နဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ စစ်ရေးတင်းမာနေပါတယ်။ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ ညှိနှိုင်းနေတယ်လို့လည်း KNU တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကပြောပါတယ်။

“အောက်ခြေမှာ ထိတွေ့တဲ့ အခြေအနေတွေက ဒီနှစ်ဘက်တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျနော်တို့ ဖြေရှင်းသွားရမှာပဲလေ။ NRPC နဲ့လည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ဆောင်ရွက်မှုတွေပြုလုပ်နေတယ်ပေါ့နော်။ နောက်တပ်မတော်ဘက်ကိုလည်း ကျနော်တို့ ဆွေးနွေးဖို့ ကျနော်တို့ အသိပေးထားတာကို ရှိတာပေါ့နော်။ ကျနော်တို့ ဒီညှိနှိုင်းနေဆဲပေါ့နော်။”

မြန်မာငြိမ်းချမ်းရေးကော်မရှင်အကြံပေး အရာရှိ ဦးလှမောင်ရွှေကလည်း KNU နဲ့ NRPC အကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

“NRPC ဘက်က KNU နဲ့ ဆွေးနွေးဖို့အတွက်ကို ဇန်နဝါရီလ ၅ ရက်ကနေ ၈ ရက်ကြားထဲမှာ ကျနော်တို့ ဆွေးနွေးနိုင်ဖို့ ကြိုတင်ပြီး အသိပေးပြီးမှ တရားဝင်ဖိတ်စာ ကျနော်တို့ ပို့ခဲ့တယ်။ ဒါပေမဲ့ တဘက်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်လို့ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အဲဒီအချိန်မှာ မဆွေးနွေးနိုင်ခဲ့ဘူး။ အခုတော့ လစဉ်ဆွေးနွေးပွဲတွေ ပြန်ပြီးတော့လုပ်နိုင်ဖို့ ညှိနှိုင်းမှုတွေတော့ လုပ်နေတယ်။ ဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်တာတွေလုပ်နေတယ်။ အဲဒါတွေကတော့ အဆင်ပြေတယ်လို့တော့ နားလည်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့ဟာ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတာ ၅ နှစ်ကျော်ပြီးဖြစ်ပေမဲ့ နယ်မြေဒေသသတ်မှတ်ရေး တပ်ပိုင်းဆိုင်ရာနေရာချထားရေး နိုင်ငံရေးအပိုင်းတွေမှာ ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

KNU နဲ့ တပ်မတော်ကြား ပြီးခဲ့တဲ့နှစ်ကစ စစ်ရေးတင်းမာမှုကြောင့် ဒေသခံရွာသား ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG