သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖဒိုမန်းရှာ အမှတ်တရကျောက်တိုင် စိုက်ထူ


(photo -ABSDF )
(photo -ABSDF )

လွန်ခဲ့တဲ့ ၉ နှစ်က လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ခေါင်းဆောင်ဖဒိုမန်းရှာရဲ့ ကျောက်တိုင်နဲ့ ရုပ်ထုဖွင့်ပွဲအခမ်းအနားကို သူဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ၊ တောကျောင်းကျေးရွာမှာ ပြုလုပ် ခဲ့ပါတယ်။

ဖဒိုမန်းရှာရဲ့မိသားစုဝင်တွေနဲ့ သူရွာသားတွေကတော့ သူပုန်မိသားစုဆိုပြီး ဖိအားပေးခံရတာရှိခဲ့ကြောင်းအခုချိန်ထိလည်းစောင့်ကြည့် သတင်းယူတာကို ခံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်နေတဲ့အချိန် သတ်ဖြတ်မှုခံခဲ့ရတဲ့ ဖဒိုမန်းရှာဟာ လွန်ခဲ့တဲ့ ၉နှစ်ခန့်က ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့က သူရဲ့နေအိမ်မှာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မူကို ခံခဲ့ရတာပါ။ ဒီအတွက်သူရဲ့ ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာမှာ သူရဲ့ရုပ်ထုဖွင့်ပွဲ အခမ်းအနားနဲ့ ဖဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ပေးပွဲကိုလုပ်ခဲ့တယ်လို့ ဖဒိုမန်းရှာရဲ့ တူမဖြစ်တဲ့ နန့်ခင်ဖြူသက်က အခုလို ပြောပြပါတယ်။

“ကရင်အလံကိုအလေးပြုတယ်၊ ဘင်ခရာအဖွဲ့နဲ့ နောက်ပြီး ဖဒိုမန်းရှာကိုအလေးပြုပြီးတော့ ဖဒိုမန်းရှာရဲ့ အတ္ထုပ္ပတ္တိ ကိုဖတ်ပြတယ်လေ။ ရုပ်ထုထုပေးတဲ့ ပန်းပုဆရာကို လက်ဆောင်ပေးတယ်။ နောက်ပြီးတော့ ရုပ်ထုအရှေ့က အခန်းအနားအစီအစဉ်ကိုအဲဒီမှာပဲ ရပ်ပြီးတော့ ကျမတို့ ဖဒိုမန်းရှာရဲ့ ၉ နှစ်ပြည့်အောင့်မေ့ဖွယ်အခမ်းအနားနဲ့ ဆုပေးပွဲအစီအစဉ်တွေကို ဆက်ပါတယ်။ ပရိတ်သက်က ၄၀၀ ဝန်းကျင်လောက်လာကြတယ်လေ၊ သူကိုလေးစားတဲ့လူတွေဆိုတော့ ဒီအောင့်မေ့ဖွယ်အမှတ်တရစကားတွေပြော ကြတော့ ဒီဘက်ကလူတွေကလည်း အဲဒါကိုပဲ နားထောင်ချင်တာလေ။ ပိုပြီးတော့ အဓိပ္ပါယ်ရှိသွားတာပေါ့ ပွဲက။”

ဖဒိုမန်းရှာဟာ ကရင်လက်နက်ကိုင်တော်လှန်ရေး နယ်မြေကို လူူငယ်ဘဝကနေစပြီးရောက်လာခဲ့သူပါ။ သူဟာ အရည်အချင်းရှိပြီး စည်းရုံးရေး ကောင်းမွန်တဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် မိခင်အဖွဲ့အစည်းမှာကော တပ်ပေါင်းစုတွေမှာပါ ခေါင်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ မိသားစုကတော့ သူ ကရင်လက်နက်ကိုင် နယ်မြေကို ထွက်သွားချိန်ကစလို့ ဖိအားပေးမူတွေခံခဲ့ရသလို အခုချိန်ထိလည်း စောင့်ကြည့်သတင်းယူတာ၊ မေးမြန်းတာကိုကြုံနေရဆဲပဲလို့ဆိုပါတယ်။

“ကျမတို့ငယ်ငယ်ကတည်းက အဲလိုလာမေးတာပေါ့နော် ထောက်လှမ်းရေးတွေ၊ ရဲတွေ ခဏခဏလာမေးတာတွေရှိတယ်။ ဟိုဟိုဒီဒီသွားရင်မလွတ်လပ်ဘူးပေါ့အမရယ်၊ လိုက်မေးနေတော့ ဘယ်သွားလဲ ဘယ်လာလဲ အဲလိုမျိုးပေါ့ ဖိအားပေးခံရတယ် သူပုန်အမျိုးဆိုပြီးတော့ ၊ သူပုန်ရွာဆိုပြီးတော့ နည်းနည်းတော့ဖိတာပေါ့ အာဏာပိုင်တွေက ကျမတို့ကို ။ ရုပ်ထုနဲ့ ကျောက်တိုင်နဲ့လုပ်တုန်းကတော့ ဓါတ်ပုံရိုက်သွားတာမျိုးတော့ ရှိသွားတာပေါ့နော်။ ဒီနေ့ ဒီမှာလုပ်တဲ့အစီအစဉ်တွေကိုမေးတယ်။ စာရွက်တွေတောင်းတယ်၊ နောက်ပြီးတော့ ဆုရတဲ့ကောင်လေးရဲ့ ကိုယ်ရေးအကျဉ်းတွေ လုပ်ဆောင်ချက်တွေ ၊ ကျမတို့ မောင် ဝမ်းကွဲ ၊ နှမဝမ်းကွဲတွေပေးလိုက်တဲ့ သဝဏ်လွှာကို သူတို့ ဓါတ်ပုံရိုက်သွားတယ်။”

ဖဒိုမန်းရှာရဲ့ မိသားစုကတော့ ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမူနဲ့ ပတ်သက်လ့ို သူတိုရဲ့ ရူ့မြင်ချက်တွေကိုလည်းပြောပြသွားပါတယ်။

“ဖထီးက ကရင်လူမျိုးအတွက်တင်မကဘူးလေ၊ တိုင်းရင်းသားအားလုံးအတွက်ကို ဒီမိုကရေစီအရေးတို့ ၊ အမျိုးသားတန်းတူအရေးတို့ ဒီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ အတွက်ကို အရမ်းစည်းရုံးရေးအားကောင်းတော့ သူ့ကို မနှစ်မြို့လို့ သူ့ကိုလုပ်ကြံတယ်လို့တော့ ယူဆပါတယ်။”

ကေအန်ယူကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်ဖြစ်တဲ့ ဖဒိုမန်းရှာဟာ ကေအန်ယူအတွင်းမှာ ရပ်တည်ချက်ခိုင်မာသူ၊ တပ်ပေါင်းစုမှာခေါင်းဆောင်နိုင်သူအဖြစ် လေးစားခံရပြီး ကိုယ်ကျိုးစွန့်အနစ်နာခံသူ ရဲဘော်ရဲဘက်စိတ်ရှိသူ ခွဲခြားဆက်ဆံတာမျိုးမရှိပဲ တန်းတူရည်တူ ဆက်ဆံတဲ့အရည်အချင်းရှိသူ တိုင်းရင်းသားခေါင်းဆောင်အဖြစ် ထင်ရှားပါတယ်။

သူဟာ သူရဲ့ ရပ်တည်ချက်ကိုဘယ်လိုအခွင့်အရေးနဲ့မှ အလဲအလှယ်မလုပ်ခဲ့တာကြောင့် ကရင်မျိုးဆက်သစ် လူငယ်တွေကသူ့ကို လေးစားထောက်ခံခဲ့တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၉နှစ်ခန့်က ဖေဖေါ်ဝါရီလ ၁၄ရက် ညနေပိုင်းမှာ သူရဲ့ နေအိမ်မှာပဲ လုပ်ကြံ သတ်ဖြတ်မူကို ခံခဲ့ရတာဖြစ်ပြီး သူလုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ပိုင်း မိသားစုဝင်တွေက ဖောင်ဒေးရှင်းတခုလုပ်ပြီး ကရင်လူငယ်တွေထဲ က ခေါင်းဆောင်မူအရည်အချင်းရှိသူတွေကို နှစ်စဉ် ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်မှုဆုကို ပေးအပ်ခဲ့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူရဲ့ဇာတိမြေ ပန်းတနော်ဘက်က လူငယ်တဦးကတော့ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG