သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားဆောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များ။ (မေ ၆၊ ၂၀၂၄/photo: KNDF)
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များ။ (မေ ၆၊ ၂၀၂၄/photo: KNDF)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် ဖားဆောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်စခန်းတွေမှာ မေလ ၈ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့သလို ပြီးခဲ့တဲ့လကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အတော်များများ လက်နက်ချခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကိုပြောပါတယ်။ ဖားဆောင်းတိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းကတည်းက ကြိုကြားကြိုကြား တိုက်ပွဲတွေရှိခဲ့တဲ့ ဖားဆောင်းမြို့မှာ မေလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာနေပါတယ်။

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ခလရ ၁၃၅ တပ်ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ပိတ်ဆို့ထားပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းမှာကတော့ ခလရ ၁၃၄၊ ၁၃၅ ကို အခုချိန်ထိ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကလည်း ဒီနေ့အထိဖြစ်ပွားနေတုန်းပဲပေါ့နော်။ နောက်တခုကတော့ ဒီဧပြီလအတွင်းမှာ စစ်ရေးထုတ်ပြန်ချက်မှာ ထုတ်ပြန်တဲ့အတိုင်းပါပဲ၊ ဘောလခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဖက်က ထိခိုက်နစ်နာ ကျဆုံးများတဲ့အတွက် ၅၆ ဦး လက်နက်ချခဲ့တာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က ဘော်လခဲကနေ ဖားဆောင်းမြို့ကို အင်အား ၁၀၀ ပါဝင်တဲ့ ခမရ ၅၁၆၊ ခမရ ၅၁၅၊ ခလရ ၁နဲ့ ခလရ ၁၃၅ စတဲ့ စစ်ကောင်စီရဲ့ပူးပေါင်းတပ်ရင်း စစ်ကြောင်းတွေ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက တနေကုန် ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ အဲဒီမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် သေဆုံးပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦး လက်နက်ကျအညံ့ခံခဲ့တယ်လို့ မေလ ၆ ရက်နေ့က ထုတ်ပြန်ထားတာပါ။ လက်နက်ကြီး၊ လက်နက်ငယ်က အစုံ ၇၀ ကျော်နဲ့ ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

မေလ ၆ ရက်နေ့ကလည်း ဘော်လခဲကနေ ဖားဆောင်းဘက်ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ်တစင်းကို တော်လှန်ရေးအင်အားစုဘက်က ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဉ်မှူးအပါအဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလို ဖားဆောင်းမြို့မှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးဒဏ်ခံရတဲ့ ဒေသခံတွေ ထပ်ဆင့်ပြေးရှောင်ရတာရှိတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“တိုက်ပွဲကတော့ ရက်တိုင်းနီးပါးရှိတယ်။ အကြီးအကျယ်တိုက်ပွဲဖြစ်တာနဲ့ နည်းနည်းပါးပါးပစ်ခတ်တာပဲရှိတာပေါ့နော်။ ဒါပေမယ့် ဒီရက်ပိုင်းကတော့ တိုက်ပွဲပိုပြင်းထန်တာပေါ့နော်။ စစ်ဘေးရှောင်တွေကတော့ တိုက်ပွဲစဖြစ်ကတည်းက ရွှေ့လာတာရှိသလို တချို့လည်း ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုကယ်ထုတ်ရတဲ့ဟာတွေ ရှိတာပေါ့နော်။ တချို့စစ်ဘေးရှောင်ကတော့ ထပ်ဆင့်ပြေးရတာရှိတာပေ့ါနော်။ ဒါကြောင့် စစ်ဘေးရှောင်ကတော့ ဒါဦးဆုံးအကြိမ် ရွှေ့တာလည်း ရှိပါတယ်၊ ဒါ ဖားဆောင်းရဲ့ စစ်ဘေးရှောင်အခြေအနေပါ။”

စစ်ပြေးဒုက္ခသည်တွေဟာ ဖားဆောင်းမြို့နယ်ထဲ ဘေးကင်းတဲ့ နေရာတချို့မှာ တိမ်းရှောင်နေကြသလို မယ်စဲ့မြို့နယ်နဲ့နီးစပ်ရာ မြို့ရွာတွေဆီ သွားရောက်ခိုလှုံကြတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေလည်း ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ကလေးသူငယ်အပါအဝင် အရပ်သား စုစုပေါင်း ၁၀ ဦး သေဆုံး၊ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅ ဦးနဲ့ နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ မေလ ၆ ရက် ထုတ်ပြန်ချက်ထားဖော်ပြထားပါတယ်။

လတ်တလော ဖားဆောင်းတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG