သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားကို အိန္ဒိယ လုံးဝချုပ်ကိုင်ထားလျှင် ၂ နိုင်ငံ ပုံမှန်ဆက်ဆံရေး မဖြစ်နိုင် (ပါကစ္စတန်ဝန်ကြီးချုပ်)


ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan.
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan.

(Zawgyi / Unicode)

အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသကို တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခငွ့်ရ ဒေသအဖြစ် ပြန်ပြီး မသတ်မှတ်မချင်း အိန္ဒိယနဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးက ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ မလွယ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

အကယ်၍ ဒီလိုအခြေအနေမှာ အိန္ဒိိယနဲ့ ပုံမှန်ဆက်ဆံရေး လုပ်လိုက်မယ်ဆိုရင် ဒါက ကက်ရှ်မီးယား ပြည်သူတွေကို သစ္စာဖောက်ရာ ရောက်လိမ့်မယ်လို့ ဝန်ကြီးချုပ် Khan က ရုပ်သံ တိုက်ရိုက်မေးမြန်းခန်းတခုမှာ ဖြေကြားသွားတာပါ။

မွတ်စလင်လူများစု နေထိုင်ရာ ကက်ရှ်မီးယားဒေသကို ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေး အစိုးရက ၂၀၁၉ သြဂုတ်လမှာ အထူးအုပ်ချုပ်ခွင့် ဒေသအဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် တင်းမာမှုဖြစ်ခဲ့ပြီး ပါကစ္စတန်က နှစ်နိုင်ငံဆက်ဆံရေးကို လျှော့ချခဲ့ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယနဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ထားပေးခဲ့တာက ပါကစ္စတန်ရဲ့ စီးပွားရေးအတွက် အကျိုးအမြတ် ကြီးမားစေခဲ့ပါတယ်။ ကက်ရှ်မီးယား အရေးနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ လက်ရှိ ရပ်တည်ချက်တွေကို ပြောင်းပြန်လှန်နိုင်မှသာ ပါကစ္စတန်ဘက်ကလည်း တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်စတင်နိုင်မှာဖြစ်ပြီး ကက်ရှ်မီးယားပြဿနာကို ဖြေရှင်းမယ့်ကိစ္စကို သဘောတူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရဲ့ ပြောဆိုချက်ကို အိန္ဒိယဘက်က ပယ်ချလိုက်ပြီး ဒါဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ကက်ရှ်မီးယားပြဿနာကို နှစ်ဖက် ရပ်ဆိုင်းမနေဘဲ ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ Volkan Bozkir က ပြီးခဲ့တဲ့အပတ် ၃ ရက်ကြာ ပါကစ္စတန်နိုင်ငံ ခရီးစဉ်အတွင်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်တွန်းချက်ကို အိန္ဒိယဘက်က ပယ်ချခဲ့ပါတယ်။

---------------------

(Unicode)







XS
SM
MD
LG