သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အိန္ဒိယအစိုးရ ရုပ်သိမ်း


အိန္ဒိယနိုင်ငံရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရအဖွဲ့က နိုင်ငံအစွန်အဖျား ဒေသတွေကို ထိရောက်စွာအုပ်ချုပ်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ကက်ရှ်မီးယားဒေသကို ဆယ်စုနှစ်တွေနဲ့ချီ ပေးအပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် မွတ်ဆလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသမှာ လူမှုရေး၊ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးအထူးတင်းကျပ်လိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ ပါ ပြဌာန်းချက်အမှတ် ၃၇၀ ကို ပယ်ဖျက်တဲ့အမိန့်ကို သမ္မတက လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Amit Shah က လွှတ်တော်ကို တနင်္လာနေ့က တင်ပြခဲ့တာပါ။

အဲဒီပြဌာန်းချက်ကတော့ ကက်ရှ်မီးယားဒေသမှာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ဆက်သွယ်ရေး ကိစ္စတွေကလွဲလို့ ကိုယ်ပိုင်ဥပဒေတွေ ပြဌာန်း အုပ်ချုပ်ခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကက်ရှ်မီးယားဒေသမှာ နေထိုင်သူမဟုတ်ရင် မြေယာဝယ်ယူခွင့်မရှိတဲ့ ကန့်သတ်ချက်ကိုလည်း အိန္ဒိယအစိုးရက ရုပ်သိမ်းလိုက်တဲ့အတွက် ပြည်နယ်ပြင်ပက အိန္ဒိယနိုင်ငံသားတွေလည်း အဲဒီဒေသမှာ အခြေချနေထိုင်ခွင့်ရမှာဖြစ်သလို အစိုးရတာဝန်တွေကိုလည်း ထမ်းဆောင်နိုင် တော့မှာပါ။

ပါကစ္စတန်ဝန်ကြီးချုပ်က ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်ကို ချိုးဖောက် လိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တနင်္လာနေ့ညနေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

တိုက်ရိုက် လင့်ခ်

ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ပါကစ္စတန် တဝက်စီခွဲပြီးအုပ်ချုပ်နေပေမယ့် ဒေသအားလုံးကို သူတို့ပိုင်တယ်လို့ နှစ်ဘက်စလုံးက ပြောဆိုထားတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား သုံးကြိမ် စစ်ဖြစ်ခဲ့တာမှာ ကက်ရှ်မီးယားကြောင့် နှစ်ကြိမ် စစ်ဖြစ်ခဲ့ပြီး ခုချိန်ထိလည်း ဒီဒေသ ကြောင့် ဆက်ဆံရေး တင်းမာနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG